စစ်ဗိုလ်ချုပ်များ အာဏာတည်မြဲနေသရွေ့ ကျားဖြန့်လုပ်ငန်းများလည်း ဆက်လက်ရှင်သန် ကြီးထွားနေမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဆိုသည်။
မြန်မာနိုင်ငံအတွင်းရှိ အဆိုပါအွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်း ကျားဖြန့်များကို စစ်တပ်နှင့် ၎င်းတို့၏ အကျိုးစီးပွားတူ လက်နက်ကိုင်အဖွဲ့အစည်းများက ခွင့်ပြုကြခြင်းဖြစ်ပြီး အကျိုးအမြတ်များစွာ ရရှိနေသည်ကိုလည်း အရင်းအမြစ်များစွာက ဖော်ပြနေကြောင်း စစ်အုပ်စုက အဆိုပါငွေလိမ်မှု လုပ်ငန်းများကို အဆုံးသတ်ရန် ကြိုးပမ်းနေသည်ဟု ဆိုခြင်းမှာ ဟန်ပြသက်သက်သာ ဖြစ်သည်ကို လည်း သတိပြုစေလိုကြောင်း CRPH ၏ နိုဝင်ဘာ၂၁ရက်ည သတင်းထုတ်ပြန်ချက်၌ဖော်ပြ ထားသည်။
“အခုစစ်တပ်နဲ့ BGFက ကျားဖြန့်တွေကို နှိမ်နင်းနေပြီလို့ ဆိုပြန်တော့ ဖေ့စ်ဘွတ်ခ်ပလက်ဖောင်း ပေါ်မှာ စကားတစ်ခွန်းက ခေတ်စားလာတယ်။အဲဒါကတော့ ပြည့်တန်ဆာခေါင်းတွေကို ပြည့်တန် ဆာနှိမ်နင်းရေးလုပ်ခိုင်းနေတယ်ဆိုတာပဲ။ နိုင်ငံတကာကလည်း မြန်မာပြည်သူတွေ သိသလို သိကြမှာပါ”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများနှင့် ပတ်သက်သည့် လွှတ်တော်ဆိုင်ရာ ကြားနာ ပွဲတစ်ရပ်ကို မကြာသေးခင်ရက်တွင် အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်ကိုယ်စားလှယ် များက ကျင်းပခဲ့မှုအပေါ် ကြိုဆိုကြောင်းနှင့်ယင်းကွန်ဂရက်ကြားနာပွဲမှတစ်ဆင့် အမေရိကန်အစိုးရ သို့ တိုက်တွန်းမှုများကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရန် လိုအပ်ကြောင်း CRPH က ထုတ်ပြန်သည်။
နိုဝင်ဘာလ ၅ ရက်နှင့် ၆ ရက်တို့တွင် CRPH နှင့် အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ် တော်အ မတ်များ တွေ့ဆုံခဲ့ရာ ယင်းတွေ့ဆုံမှု၌ မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းငွေလိမ်မှုလုပ်ငန်း များအကြောင်းလည်း မျှဝေဆွေးနွေးခဲ့ကြောင်း မိမိတို့၏ တင်ပြချက်များကို အလေးအနက်ထား၍ မြန်မာ့အရေး ကွန်ဂရက်ကြားနာပွဲတွင် ထည့်သွင်းပြောဆိုခဲ့မှုအတွက် အထူးကျေးဇူးတင်ရှိကြောင်း လည်း ဆိုသည်။
နိုဝင်ဘာ၁၉ရက်၊အောက်လွှတ်တော်ကြားနာပွဲအပြီး အောက်လွှတ်တော်အမတ်အချို့က ပူးတွဲထုတ် ပြန်သည့် ကြေညာချက်တွင် အမေရိကန်အစိုးရအနေနှင့် စစ်ကော်မရှင်ရွေးကောက်ပွဲကို အတိအ လင်း ရှုတ်ချရန် တောင်းဆိုထားသည်။
ယင်းကြားနာပွဲတွင် ရီပတ်ဘလီကန်အမတ် ယန်းကင်မ် က အမေရိကန်နိုင်ငံသားများဆီ ငွေကြေးလိမ်လည်နေသော ကျားဖြန့်လုပ်ငန်းမှ မြန်မာစစ်တပ် ကအကျိုးအမြတ်ရနေကြောင်း ပြောကြားခဲ့သည်။
နိုဝင်ဘာ၁၈ရက်မှ ၂၁ရက်အထိ မြဝတီမြို့နယ်၊ရွှေကုက္ကိုလ်နယ်မြေအတွင်း တရားမဝင် နေထိုင်နေ သည့် နိုင်ငံခြားသား ၁၃၆၇ဦးနှင့် အွန်လိုင်းလိမ်လည်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
စစ်အုပ်စုက တိုင်းပြည်အာဏာကို ချုပ်ကိုင်နိုင်နေခြင်းသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများကိုသာ ထိခိုက်နေသည်သာမက ကမ္ဘာတစ်ဝန်းရှိ ပြည်သူများနှင့် နိုင်ငံများ၏ အကျိုးစီးပွား၊ ဒီမိုကရေစီ၊ တ ရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေခြင်း ဖြစ်သဖြင့် စစ်အာဏာရှင်စနစ်နှင့် စစ် ဗိုလ် ချုပ်များ၏ နိုင်ငံရေးတွင် ပါဝင်နေမှုကို အပြီးတိုင် အဆုံးသတ်နိုင်ရေး မိမိတို့နှင့် လက်တွဲလုပ်ဆောင် ကြ ရန် နိုင်ငံတကာအသိုက်အဝန်းအား လေးလေးနက်နက် ထပ်လောင်းတိုက်တွန်းကြောင်းလည်း CRPH ကဆိုသည်။
စာတည်း-ML
