တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကိုကာကွယ်သည့် (One China Policy) ကို အစဉ်အမြဲထောက်ခံမည်ဖြစ်ကြောင်း စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။
စစ်ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဂျပန်ဝန်ကြီးချုပ်အသစ်၏ ထိုင်ဝမ်အရေး ပြောကြားချက်နှင့်ပတ်သက်ပြီး စစ်တပ်၏ တရားဝင် သဘောထားရပ်တည်ချက်ကို ယမန်နေ့(နိုဝင်ဘာ ၂၁ရက်)က စစ်ကော်မရှင် ၀ဒါဖြန့် မီဒီယာများကိုပြောကြားရာ၌ ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။။
ယခုကဲ့သို့ ဇော်မင်းထွန်း၏ ပြောကြားချက်သည် စစ်ကော်မရှင်၏ နိုင်ငံရေး လမ်းကြောင်းကို ရှင်းလင်းစွာ ဖော်ပြလိုက်ခြင်းဖြစ်ပြီး၊ တရုတ်နိုင်ငံ၏ ထောက်ခံမှုကို အပြည့်အဝ ရယူလိုသော ရည်ရွယ်ချက်ရှိကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။
“ဇော်မင်းထွန်း အခုလို ပြောလိုက်တာက စစ်တပ်ရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ပဲလေ၊ အကျိုးစီးပွား လဲလှယ်မူတစ်ခုပါ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
ထို့ပြင် ဇော်မင်းထွန်းက စစ်ကော်မရှင် ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံချိန်တိုင်း One China Policy ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ဇော်မင်းထွန်းက တရုတ်-မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးကို အလေးထားဖော်ပြခဲ့ပြီး၊ နှစ်နိုင်ငံသည် အိမ်နီးချင်းမိတ်ဆွေကောင်းများအပြင် မဟာဗျူဟာမိတ်ဖက်နိုင်ငံများ နှင့် အေးအတူပူအမျှအသိုက်အဝန်း ကို တည်ဆောက်နေခြင်းအပေါ် မြန်မာနိုင်ငံက အထူးတန်ဖိုးထားကြောင်း ပြောကြားခဲ့သည်။
“ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ စင်မြင့်မှာ စစ်တပ်က ဖယ်ကျဉ်ခံထားရတာလေ၊ အဲ့ဒီအခြေအနေမှာ စစ်တပ်က တရုတ်နိုင်ငံရဲ့ ထောက်ခံမှုကို ယူပြီးတော့ နိုင်ငံရေးဆင်မြင့်ကို တက်ဖို့လုပ်နေတာ၊ တရုတ်အားကို —-ကောင်တွေပါ” ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
ယင်းအပြင် ဇော်မင်းထွန်းက ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်ကို ကိုးကား၍ တရုတ်နိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု ကို မြန်မာက လေးစားကြောင်းနှင့် ယင်းအချုပ်အခြာအာဏာကို ကာကွယ်ခြင်းအပေါ် မြန်မာက အစဉ်အမြဲ ထောက်ခံရပ်တည်လျက်ရှိပါကြောင်း တရားဝင် သဘောထားထုတ်ပြန်ခဲ့သည်။
“ထိုင်ဝမ် ကိစ္စက တရုတ်ရဲ့ နိုင်ငံရေး ကိစ္စလေ၊ အဲ့ဒါကို တရုတ်ကြီး ကျေနပ်ဖို့ စကမက အသံထွက်ပေးလိုက်တာ၊ အဲ့ဒီလို အသံထွက်ပေးလိုက်တဲ့အတွက် စစ်တပ်လိုအပ်နေတဲ့ ကာကွယ်ရေးစစ်လက်နက်တွေ၊ နယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးတွေ ရမှာလေ၊ တရုတ်ထောက်ခံမှုကို ပိုရဖို့ ဇော်မင်းထွန်းက ပါးစပ်သရမ်းလိုက်တာပါ” ဟု နိုင်ငံရေးသိပ္ပံလေ့လာနေသည့် လူငယ်တစ်ဦးက ပြောသည်။
ယင်းလုပ်ရပ်သည် စစ်ကောင်စီ၏ နိုင်ငံခြားရေးမူဝါဒသည် နိုင်ငံ၏ အကျိုးထက် စစ်တပ်၏ လက်ရှိအာဏာတည်မြဲရေးနှင့် အကျိုးစီးပွားကိုသာ ဦးစားပေးသည် ဆိုသည့် အမြင်ကို ပိုမိုခိုင်မာစေခဲ့ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြခဲ့ကြသည်။
စာတည်း-ကိုဆန်း
