သနားစရာကောင်းမှ မဲရမည်ဆိုသည့် နည်းဗျူဟာသစ်ဖြင့် ကြံ့ခိုင်ရေးပါတီ လူကြိုက်များအောင် ကြိုးစားနေ

စစ်ကော်မရှင်က ကျင်းပရန် ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ၎င်းတို့ပါတီဝင်များ လုပ်ကြံသတ် ဖြတ်ခံရသည်ဆိုသည့် စွပ်စွဲချက်ကို မီးမောင်းထိုးပြကာ နိုင်ငံရေး ဖြန့်ဝေမှုများ ပြုလုပ်လာကြောင်း တွေ့ရှိရသည်။

လူမှုကွန်ရက်စာမျက်နှာများနှင့် ပါတီထောက်ခံသူများအကြား ဖြန့်ဝေနေသည့် စာများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တော်လှန်ရေး အင်အားစုများကို အကြမ်းဖက်လမ်းစဉ် လိုက်သူများအဖြစ် ပုံဖော်ထားပြီး ပြည်ခိုင်ဖြိုးပါတီကိုမူ ဥပဒေဘောင်အတွင်းမှ ရပ်တည်သူများအဖြစ် ပုံဖော်ရေးသားထားသည်။

“ဒါက နိုင်ငံရေး အကျပ်အတည်းရဲ့ မူလဇာစ်မြစ်ဖြစ်တဲ့ စစ်တပ်အာဏာသိမ်းမှုကို ဖုံးကွယ်ပြီး တစ်ဖက်သတ် စွပ်စွဲထားတာမျိုး ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်သမားအဖြစ် ပုံဖျက်ဖို့ ကြိုးစားနေတာပါ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက သုံးသပ်သည်။

စစ်ကော်မရှင် လော်ဘီ ကျော်စွာ၏ ရေးသားချက်တစ်ခုတွင် ကြံ့ခိုင်ရေး ပါတီဝင် ၃,၀၀၀ ခန့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော်လည်း လက်နက်ကိုင်လမ်းစဉ်ကို မရွေးချယ်ခဲ့ကြောင်း ဆိုထားသည်။

သို့သော် နိုင်ငံရေးလေ့လာသုံးသပ်သူများကမူ ယခုကဲ့သို့ ပြောဆိုရေးသားမှုများသည် စစ်ကော်မရှင်နှင့် ၎င်းတို့၏ မဟာမိတ်ပါတီများဘက်မှ ပြုလုပ်သည့် ဝါဒဖြန့်ချိရေး (Propaganda) သက်သက်သာဖြစ်ကြောင်း သုံးသပ်ကြသည်။

“ကျော်စွာက ပြည်ခိုင်ဖြိုးပါတီကို လူထု ဘာကြောင့် ဝန်းရံလာတာလည်းဆိုတဲ့ မေးခွန်းနဲ့ စတင်ထားပေမဲ့ အဖြေကတော့ NLD နဲ့ တော်လှန်ရေးအင်အားစုတွေကို ပြစ်တင်ဝေဖန်၊ စွပ်စွဲဖို့ကိုသာ အဓိက ဦးတည်ထားပါတယ်။ စွပ်စွဲမှုသပ်သပ်ပဲ။ လက်ရှိစာအရ ပြည်ခိုင်ဖြိုးပါတီကို Victim အဖြစ် ပုံဖော်ပြီး တစ်ဖက်လူကို လူသတ်သမားအဖြစ် ပုံဖော်ကာ နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ ရည်ရွယ်ချက် ပါနေနိုင်ပါတယ်။ နောက်ပြီး အညာသားတောသီးဆိုတဲ့ စကားလုံးဟာ ဒေသစွဲ၊ လူမျိုးစွဲနဲ့ လူတန်းစား ခွဲခြားတဲ့ အမုန်းစကား အသုံးအနှုန်းကို ရည်ရွယ်ချက် ရှိရှိ သုံးထားတာပါ”ဟု အချက်အလက်စစ်ဆေးသူ (Fact-Checker) တစ်ဦးက MPA ကို မှတ်ချက်ပြုသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့ရာမှ လက်နက်ကိုင် ခုခံတော်လှန်မှုများ စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂတို့ကလည်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများ၏ အဓိကတရားခံမှာ အာဏာသိမ်းစစ်တပ်ဖြစ်ကြောင်း ထောက်ပြပြောဆိုထားကြသည်။

“ကမ္ဘာမှာ သူတို့က သနားစရာကောင်းတဲ့သူတွေပေါ့လေ။ ကိုယ့်ပတ်ဝန်းကျင်မှာ ကုန်ဈေးနှုန်းတွေ ဘယ်လောက်တက်နေလဲ၊ လျှပ်စစ်မီး ဘယ်လောက်ရလဲ၊ လုံခြုံရေး ဘယ်လောက် စိတ်ချရလဲ။ ပြည်သူတွေ တကယ်ပဲ စားဝတ်နေရေး ပြေလည်ပြီး ပျော်ရွှင်နေကြရဲ့လား။ ဒီအချက်တွေက လူထု ဝန်းရံခြင်း ရှိ/မရှိဆိုတာရဲ့ အဖြေပါပဲ”ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ကြံ့ခိုင်ရေးပါတီအနေဖြင့် လာမည့် အတုအယောင်ရွေးကောက်ပွဲကို မျှော်မှန်းကာ လူထုထောက်ခံမှု ရရှိရန် ကြိုးပမ်းနေသော်လည်း မြေပြင်အခြေအနေတွင်မူ လက်နက်ကိုင် ပဋိပက္ခများနှင့် စီးပွားရေးကျဆင်းမှုများကြောင့် ပြည်သူလူထုအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။

စာတည်း-ကိုဆန်း