မင်္ဂလာဒုံ လူငယ်လေး၃ဦးကို ပွဲစားက အလုပ်ဖြင့်မျှားကာ စစ်တပ်ထဲ ရောင်းစား

ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်အတွင်းရှိ လူငယ်လေး၃ဦးကို ပွဲစားက အလုပ်ဖြင့်မျှားကာ စစ်တပ်ထံ သို့ ရောင်းစားခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်၊ကုန်းတလပေါင်ရွာအလယ်ပိုင်းနေ ဆယ်ကျော်သက်အရွယ်ကျောင်းသား၂ဦးနှင့် အသက်၂၀ဝန်းကျင်ရှိ လူငယ်လေးတစ်ဦးတို့ကို ပွဲစားတစ်ဦးက အလုပ်ရမည်ဟု လိမ်ခေါ်ကာ စစ်တပ်ထံသို့ ရောင်းစားခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ၂၂ရက်၌ ယင်းလူငယ်လေးများက မိသားစုများ ထံ သို့ ဆက်သွယ်ကာ ၎င်းတို့၃ဦး တောင်ငူမြို့နယ်စစ်တပ်စခန်းတစ်ခုသို့ ရောင်းစားခံလိုက်ရကြောင်း ပြော ဆိုသည်ဟု Rangoon Scout Network- RSN က သတင်းထုတ်ပြန်သည်။

“ကျောင်းသား၂ယောက်ကို ပြန်ရွေးလို့ရတယ်လို့ မနေ့(နိုဝင်ဘာ၂၂ရက်)က ဖုန်းနဲ့ ဆက်သွယ်လာ တယ်လို့ပြောပါတယ်ဗျ။တောင်ငူဘက်ကို လိုက်လာရမယ်လို့ ပြောပါတယ်။မိသားစုက ဘာဆက် လုပ်ဖြစ်လဲတော့ ထပ်မသိရသေးပါဘူး”ဟု RSN တာဝန်ရှိသူက MPAသို့ ယနေ့(နိုဝင်ဘာ၂၃ရက်) နေ့ခင်းပိုင်း၌ ပြောသည်။

တောင်ငူစစ်တပ်က ကျောင်းသား ၂ ဦးကို တစ်ဦးလျှင် ကျပ်သိန်း ၄၀ ဖြင့် ပြန်ရွေးနိုင်ကြောင်း ပြောပြီး အသက် ၂၀ နှစ်ဝန်းကျင် လူငယ်ကိုမူ ပြန်မလွှတ်ပေးတော့ဘူးဟုဆိုကြောင်း သိရှိရသည်။

“သူတို့ တော်တော်ချို့တဲ့ကြတယ်လို့လည်း ကြားတယ်ဗျ။လူငယ်တစ်ယောက်ရဲ့ အိမ်ဆို တွန်းလှည်း နဲ့ ဒန်အိုး၊ဒန်ခွက်တွေ ဝယ်ပြီး အသက်မွေးတာလို့ သိရပါတယ်”ဟု RSN တာဝန်ရှိသူက ဆက်လက် ပြောသည်။

၎င်းလူငယ်လေးများသည် အလုပ်ရှာရင်း ပွဲစားနှင့် ချိတ်ဆက်မိရာ ပွဲစားက ချိန်းဆိုသောကြောင့် နိုဝင်ဘာလ ၂၁ ရက် ညနေဘက်တွင် မင်္ဂလာဒုံ၊ ဝါယာလက်ဘက်၌ သွားရောက်တွေ့ဆုံကြ ပြီးနောက် မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားကြခြင်းဖြစ်သည်။

ကျောင်းသား၂ဦး၏ မိဘများက ငွေနှင့်ပြန်ရွေး၊မရွေးဆိုသည်ကို မသိရသေးသလို ရောင်းစား သည့်ပွဲစားနှင့်ပတ်သက်၍လည်း မသိရှိသေးပေ။

အသက်၂၀အရွယ်လူငယ်လေးမှာ ကလေးတစ်ယောက်အဖေဖြစ်ကြောင်း RSN ကဆိုသည်။

စာတည်း-ML