စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် တစ်လနီးပါးကြာ စစ်ရေးအခြေအနေများကြောင့် ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ရှောင်တိမ်းနေကြရပြီး စပါးရင့်မှည့်ချိန်ဖြစ်သော်လည်း ရိတ်သိမ်းခွင့်မရဖြစ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်း သိရှိရသည်။
စစ်ကော်မရှင်သည် ကလေးတောင်ပိုင်းသို့ အောက်တိုဘာ၂၇ရက်နေ့မှစတင်၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ကလေး-ဂန့်ဂေါကားလမ်းဘေးကျေးရွာများမှ စစ်ဘေးရှောင်တစ်သိန်းနီးပါး ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရခြင်းဖြစ်ဖြစ်သည်။
” ဟုတ်တယ် သာယာကုန်းရွာကနေ တောင်ဘက်လမ်းမကြီးတလျှောက်ကရွာတွေ ချောင်းခွရွာအထိဆိုပါတော့။ အဲ့ရွာတွေက စပါးတွေမရိတ်ကြရသေးဘူး။ တချို့လယ်တွေဆို စပါးတွေရင့်မှည့်လို့ ကျိုးကျနေပြီတောင်ပြောတယ်”ဟု ကလေးတောင်ပိုင်းဒေသခံအမျိုးသားတစ်ဦးက MPAသို့ပြောသည်။
စစ်ကော်မရှင်သည် ကလေးတောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းမကြီးကို စိုးမိုးမှုပြန်လည်ရယူထားပြီး စည်းရုံးရေးအနေဖြင့် ၎င်းတို့အထိုင်ချနေသည့် ကျေးရွာများအတွင်း ပြည်သူများအားပြန်လည်ဝင်ရောက်နေထိုင်ကြရန်နှင့် စပါးများလာရောက်ရိတ်သိမ်းကြရန် ဖိတ်ခေါ်လျက်ရှိကြောင်းသိရသည်။
” တချို့လည်းပြန်ဝင်ကြတယ်ပြောတာပဲ။ ကြာတော့ စားရေးသောက်ရေးကလည်း မလွယ်ကြတော့ဘူးလေ၊ တစ်လနီးပါးလည်းကြာပြီ။ ငါတို့လည်း ဘာလုပ်ရမှန်းမသိသေးဘူး။ ထောက်ပံ့ရေးတွေတော့ လာကြပါတယ်။ ဒါပေမဲ့ ဘယ်လောက်ငမလဲ စစ်ရှောင်ကနည်းတာမှ မဟုတ်တာ ” ဟု ကလေးတောင်ပိုင်းစစ်ရှောင်တစ်ဦးက ပြောသည်။
စစ်ကော်မရှင်သည် ကလေး-ဂန့်ဂေါလမ်းမပေါ်ရှိ နတ်ချောင်းနှင့် ထောက်ကြံ့ကျေးရွာများတွင် အထိုင်ချတပ်စွဲလျက် လှည့်လည်စစ်ကြောင်းထိုးနေပြီး မကြာခဏထိတွေ့တိုက်ပွဲများလည်း နေ့စဥ်ဖြစ်ပွားလျက်ရှိကြောင်း ကလေးတောင်ပိုင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
” ထိတွေ့မှုကတော့ နေ့တိုင်းရှိပါတယ်။ ဒီနေ့လည်း ကလေးတောင်ပိုင်း၂နေရာမှာ ထိတွေ့တိုက်ပွဲ ပြင်းထန်နေပါတယ် “ဟု ၎င်းက ဆိုသည်။
အဆိုပါထိတွေ့တိုက်ပွဲများအတွင်း စစ်ကော်မရှင်ဘက်မှ ထိခိုက်သေဆုံးမှုများရှိပြီး နိုဝင်ဘာ(၁၄)ရက်နေ့မှစတင်၍ နေ့စဥ်လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိကြောင်းသိရသည်။
” လေကြောင်းတိုက်မှုက နေ့တိုင်းမနက်ရောညရောရှိနေတယ်ရှင့်။ ကျမတို့ပြည်သူရော ရဲဘော်ရော လေကြောင်းတိုက်ခိုက်မှုမှာ အထိအခိုက်မရှိပါဘူးနော်” ဟု ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကျန်းမာရေးတာဝန်ခံက ပြောသည်။
ကလေးမြို့စစ်ကော်မရှင်သည် ကလေးတောင်ပိုင်းကိုစစ်ကြောင်းထိုးပြီးနောက် ယခင်ကဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားသော ကလေးမြို့အဝင်ကားလမ်းမကြီးကို ယခုရက်ပိုင်းအတွင်း ပြန်လည်ဖွင့်ပေးကာ သွားလာခွင့်ပြုခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စာတည်း-ကိုဆန်း
