မွန်ညီညွတ်ရေးပါတီ၏ အောင်မြေဖြစ်ခဲ့သော ချောင်းဆုံမြို့နယ်တွင်ပင် ကြံ့ဖွံ့ကို ယှဉ်နိုင်ရန် မလွယ် ကြောင်း ဒေသခံအချို့ထံက သိရသည်။
စစ်တပ်က အာဏာသိမ်းခြင်းကို ဒူးထောက် ထောက်ခံခဲ့သဖြင့် ပြည်သူများကြား အညွန့်ကျိုးနေပြီ ဖြစ်သော မွန်ညီညွတ်ရေးပါတီမှ တရားမဝင်ရွေးကောက်ပွဲဝင်မည့် အမတ်လောင်းများမှာလည်း နိုင်ငံရေးအစဉ်အလာမရှိသူများနှင့် စစ်တပ်နှင့်ပေါင်းစားရန်သာချောင်းနေသော စားဖားများသာ ဖြစ် သဖြင့် မွန်ဒေသခံများပင် စိတ်ဝင်စားမှုနည်းကြောင်း ပါတီများနှင့် နီးစပ်သော မော်လမြိုင်မြို့ခံတစ် ဦးက ဆိုသည်။
“ချောင်းဆုံဆိုတာ မွန်ပါတီရဲ့ အောင်မြေပဲ။ဒါပေမဲ့၊အခုချောင်းဆုံမှာတောင် မွန်ပါတီကို ဒေသခံတွေ စိတ်မဝင်စားဘူး။စစ်တပ်က အာဏာသိမ်းတာနဲ့ တန်းထောက်ခံပြီး စစ်တပ်နဲ့ပေါင်းစားခဲ့တာဆိုတော့ အရှုပ်ထုပ်တွေများတယ်။တကယ် လူထုအကျိုးသယ်ပိုးခဲ့တဲ့လူတွေက မွန်ညီညွတ်ရေးပါတီမှာ မရှိ တော့ဘူး”ဟု ၎င်းက MPA သို့ပြောသည်။
NLD ပါတီ မပါသော ၂၀၁၀ရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ဝင် ရောက်ယှဉ်ပြိုင်ခဲ့ရာ ချောင်းဆုံမဲဆန္ဒနယ် ၄နေရာအနက် ၃နေရာ အနိုင်ရရှိခဲ့ပြီး ကြံ့ဖွံ့က တစ်နေ ရာသာ နိုင်ခဲ့သည်။
ချောင်းဆုံမြို့နယ်၊အဝေးရောက်သက္ကောရွာသားတစ်ဦးက “ချောင်းဆုံမှာ FPTP (မဲများသူအနိုင်ယူ) ကနေ ဝင်ပြိုင်မယ့် မွန်ပါတီက ၃ယောက်မှာ တစ်ယောက်က တခြားမြို့က။နောက်၂ယောက်က ဇာ တိခံဆိုပေမဲ့ ချောင်းဆုံမှာ တောက်လျှောက်နေလာတဲ့သူမဟုတ်တော့ ဒေသခံတွေလည်း သေချာ မ သိကြဘူး”ဟု ၎င်းက ပြောသည်။
ချောင်းဆုံမြို့နယ် အမျိုးသားလွှတ်တော်(PR)မှ ဝင်ရောက်မည့် ရဲထွဋ်အောင်တစ်ဦးတည်းသာ ချောင်းဆုံတွင် အမြဲတမ်းနေ ကွမ်သဲရွာသားဖြစ်ပြီး ၎င်းသိသောနိုင်ငံရေးမှာ နိုင်လယိတမ လမ်းစဉ် အတိုင်း စစ်တပ်ကို ဒူးထောက်ခစားကာ ပေါင်းစားလိုသည့် နိုင်ငံရေးအဆင့်အတန်းသာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
နိုင်လယိတမ သည် လက်ရှိတွင် တရားမဝင်မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ စီးပွားရေးဝန်ကြီးဖြစ်သည်။
မွန်ညီညွတ်ရေးပါတီသည် ချောင်းဆုံမြို့နယ်အတွင်း တရားမဝင်ရွေးကောက်ပွဲအောင်နိုင်ရေး မြေစိုက်ပိုစတာများ စိုက်ထူခြင်းသာ လုပ်ဆောင်နိုင်သေးပြီး လူထုတွေ့ဆုံမဲဆွယ်ပွဲများ မပြုလုပ် နိုင် သေးပေ။
မွန်ညီညွတ်ရေးပါတီသည် မွန်ပြည်နယ်အတွင်းရှိ ကျိုက်မရော၊ ချောင်းဆုံ၊မုဒုံ၊ မော်လမြိုင်၊သံဖြူဇ ရပ်၊ ရေးနှင့်ပေါင်မြို့နယ်တို့၌ တရားမဝင်ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဖြစ်ပြီး သထုံ၊ဘီးလင်းနှင့် ကျိုက် ထိုတို့တွင် ရွေးကောက်ပွဲဝင်ပြိုင်နိုင်ခြင်းမရှိပေ။
၂၀၁၈ခုနှစ်၊စက်တင်ဘာတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ ပေါင်း ကာ မွန်ညီညွတ်ရေးပါတီ တည်ထောင်ခဲ့သည်။
စာတည်း-ML
