အသားစားသည်ဆိုသည့် အယူအဆလွဲများကြောင့် ဝေလငါးမန်းမျိုးစိတ်များသည် မြန်မာနိုင်ငံတွင် အသက်ဆုံးရှုံးရသည်အထိ အန္တရာယ်ရင်ဆိုင် နေရ ကြောင်း သိရသည်။
ဝေလငါးမန်းမျိုးစိတ်များကို ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းရှိ မြိတ်၊ ကော့သောင်း စသည့် ဒေသများအတွင်းရှိ ကမ်းရိုးတန်းများ၌သာ တွေ့ရှိရခြင်းဖြစ်ကြောင်း Native Species Conversation &Identification (NSCI)မှ ကိုဝင်းပိုင်ဦးက ပြောသည်။
” လက်တွေ့မှာ အဆိုးဆုံးကတော့ လူစားတယ်ထင်ပြီး လူတွေက ရောင်းစားဖို့အတွက်ရော၊ ဒုက္ခပေးမယ်ထင်ပြီး သတ်ကြတယ်။ ဝေလငါးမန်းတွေက ပါးစပ်ကလည်း အကြီးကြီး၊ အကောင်ကလည်း အကြီးကြီးဆိုတော့ အသားစားတယ်။ ကိုက်စားတယ်ဆိုပြီး လူတွေက ထင်ကြတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး မဟုတ်ဘူး၊ သမိုင်းတစ်လျှောက်လုံးမှာ ဝေလငါးမန်းက လူကိုစားတယ်ဆိုတဲ့ ဖြစ်စဉ်က မရှိဘူး၊ လူကို လိုက်ပြီး ဒုက္ခပေးတာမျိုးလည်း မရှိဘူး ” ဟု ကိုဝင်းပိုင်ဦးက ပြောသည်။
ဝေလငါးမန်းများသည် လူများနှင့် နီးကပ်ရာပတ်ဝန်းကျင်များ၌ နေထိုင်ကျက်စားကြသဖြင့် တွေ့ရှိပါက မြန်မာနိုင်ငံတွင် အထူးအဆန်းသဖွယ်ဖြစ် နေသော်လည်း အခြားနိုင်ငံများ၌ ရေအောက်တွင် ရေကူးဝတ်စုံများဝတ်ကာ ဓာတ်ပုံရိုက်ခြင်းဖြင့် ခရီးသွားလုပ်ငန်းများ လုပ်ဆောင်လျက်ရှိ ကြောင်း ကိုဝင်းပိုင်ဦးက ဆက်လက်ရှင်းပြသည်။
Rhincodontidae မျိုးရင်းဝင် ဝေလငါးမန်းများသည် ဝေလငါးများနှင့်အုပ်စုမတူဘဲ ငါးအုပ်စုများအနက် အကြီးဆုံးငါး/ အကြီးဆုံးငါးမန်းများဖြစ်ကာ ပင်လယ်နေနို့တိုက်သတ္တဝါ (Ocean Mammals/ Marine Mammals) အုပ်စုများ ဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၆ ရက်က တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ်က ဆင်ထောင့်ကမ်းခြေ၌ ၂၈ ပေအရှည်ရှိသည့် ဝေလငါးမန်းတစ် ကောင်နှင့် ၁၀ ပေကျော်အရှည်ရှိသည့် ဝေလငါးမန်းနှစ်ကောင် သောင်တင်ကာ သေဆုံးလျက်ရှိကြောင်း သိရသည်။
” ဝေလငါးမန်း တွေနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူ တွေအနေနဲ့ အတော်လေး အသိပညာ အားနည်းနေပါ သေးတယ်။ တချို့ကျလည်း အကောင်အကြီးကြီးဆိုတော့ ကြောက်ကြတာ၊ သူတို့နဲ့ ပတ်သက်ပြီးအ သိပညာအားနည်းတော့ ဝေလငါးမန်းတွေ သောင်တင်နေရင်တောင် ဘယ်လိုကယ်တင်ရမှန်းမသိကြဘူး။ အဲဒီတော့ မသေဆုံးသင့်ဘဲ သေဆုံးကြရတယ် ” ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်သူတစ်ဦးက ဆိုသည်။
ဆင်ထောင့်ကမ်းခြေတွင် သေဆုံး နေသည့် ဝေလငါးမန်းများသည် ပြင်ပတွင် ထိခိုက်ထားသည့် ဒဏ်ရာကြီးကြီးမားမားမရှိသဖြင့် သောင်တင် နေချိန်၌ အချိန်မီ မကယ်ဆယ်နိုင်ခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
” အစာကွင်းဆက်က အကုန်လုံးက ချိတ်ဆက်နေတယ်၊ ဝေလငါးမန်းတွေက ငါးသေးသေးလေးတွေကိုပဲ စားတယ်၊ ငါးအကောင်ရေ ထိန်းချုပ်မှုအတွက် အရေးပါတယ်။ အဲဒီတော့ ဝေလငါးမန်းတွေ လာတဲ့နေရာတွေဆို ငါးမဖမ်းရဇုန်သတ်မှတ်ပြီး ထိန်းသိမ်းတာမျိုး၊ ခရီးသွားလုပ်ငန်းမှာ နိုင်ခြားသားခရီးသွားတွေ လာကြည့်အောင် စီစဉ်းထားပေးတာမျိုးတွေ လုပ်သင့်တယ်။မထိန်းသိမ်းဘူးဆိုရင်တော့ ကိုယ့်နိုင်ငံရဲ့ ထိန်းသိမ်းရေးက တခြားနိုင်ငံတွေနဲ့ ယှဉ်ရင်တော့ အားနည်းနေဦးမှာပဲ ” ဟု အပင်နှင့် တိရစ္ဆာန်မျိုးစိတ်များအကြောင်း စာတမ်းပြုစုနေသူတစ်ဦးက ပြောသည်။
ဝေလငါးမန်းများသည် သက်တမ်းအလွန်ရှည်သည့် မျိုးစိတ်များဖြစ်ပြီး လူများ၏ ပယောဂ၊ ပတ်ဝန်းကျင်နှင့် ပင်လယ်ညစ်ညမ်းမှုများသာမရှိပါကအသက် ၁၅၀နှစ်ထိ နေနိုင်ကြပြီး လက်ရှိတွင်ဝေလငါးမန်းများသည် အရွယ်ရောက်ကောင် အဆင့်ရောက်ရန် ခက်ခက်ခဲခဲဖြတ်သန်းနေရကာ ဝေလငါးမန်းများ၏ ၁၀ရာခိုင်နှုန်းသာ သက်ကြီးကောင်အဆင့် အရွယ်ရောက်အဆင့်ကို ရောက်ရှိတော့ကြောင်း ပညာရှင်များက ဆိုသည်။
ထို့ပြင် ငါးဖမ်းပစ္စည်းများကြောင့် အရွယ်မရောက်သေးသည့် ဝေလငါးမန်းပေါက်များသည် များပြားစုံလင်လှသည့် ပိုက်များ ၊ တစ္ဆေပိုက်များနှင့် ကျားဖောင် ကဲ့သို့သော အရာများ၊ ငါးဖမ်းသင်္ဘောကြီးများကြောင့် အရွယ်ရောက်ငါးမန်းအဆင့်ကို မရောက်ဘဲသေဆုံးကြရပြီး နောက်ဆက်တွဲအနေဖြင့် အရွယ်ရောက်ငါးမန်းကောင်ရေ ကျဆင်းကာ မျိုးဆက်ပြန့်ပွားမှု၌ အခက်ကြုံနေရကြောင်း NSCI အဖွဲ့ထံမှ သိရသည်။
စာတည်း-ကိုဆန်း
