ရန်ကုန်မြို့တွင် မဲစာရင်းလာကြည့်ကြရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက တကြော်ကြော် အော် ခေါ်နေသော်လည်း ပြည်သူများက အဖက်မလုပ်ကြကြောင်း သိရသည်။
နိုဝင်ဘာ၂၁ရက်မှစတင်ကာ ရပ်ကွက် အသီးသီးရှိ စစ်ကော်မရှင်အုပ်ချုပ်ရေးရုံးများ၌ ဒုတိယအကြိမ် အဖြစ် မဲစာရင်းကပ်ထားပြီး မိမိအမည်မဲစာရင်းတွင်မပါပါက လျှောက်ထားရန်၊ မပါဝင်သင့်သူများ ပါဝင်ပါက ကန့်ကွက်ရန်နှင့် မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်လွှာတင်သွင်း နိုင်ရန်အတွက် မဲစာရင်းလာကြည့်ကြရန် ရန်ကုန်မြို့ ရပ်ကွက်အသီးသီးတွင် စစ်ကော်မရှင်အုပ်ချုပ် ရေးပိုင်းက လိုက်လံနှိုးဆော်လျက်ရှိကြောင်း ဒေသခံအချို့ထံက သိရသည်။
“ညဘက်ဆို လော်စပီကာနဲ့ အုပ်ကြီးတွေ လိုက်အော်နေတယ်။ဒါပေမဲ့၊အခုထိ မဲစာရင်းလာကြည့်တာ တစ်ယောက်မှ မမြင်ရသေးဘူး”ဟု ရန်ကုန်မြို့၊လှိုင်မြို့နယ်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးအနီး နေထိုင်သူ အမျိုးသားတစ်ဦးက MPAသို့ပြောသည်။
ပထမအကြိမ်မဲစာရင်းကပ်စဉ်ကလည်း လာကြည့်သူမရှိသလို မဲစာရင်းလည်း အမှားများသည်ဟု သိ ရကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းအတွင်း ထူးခြားဖြစ်စဉ်များကို စုံစမ်းဖော်ပြနေသည့် Rangoon Scout Network မှ တာဝန်ရှိသူတစ်ဦးကလည်း “လူတွေကတော့ စိတ်မဝင်စားကြပါဘူးဗျ။သူတို့ကြံ့ဖွံ့အဆက်အစပ် တွေရယ်၊ နီးရာဓားကြောက်လို့ သွားကြည့်သူတချို့ရယ်ပဲ ရှိပါတယ်”ဟု ပြောသည်။
ပထမအကြိမ် မဲစာရင်းကပ်ထားစဉ်က မဲစာရင်းအမှားအယွင်းများကြောင်း နာမည်ကြီးခဲ့ပြီး ကြည့်ရှု ပြင်ဆင်ဖြည့်စွက်သူလည်း မရှိသလောက်နည်းသောကြောင့် ဗရမ်းဗတာမဲစာရင်းဖြင့် ရွေးကောက်ပွဲ လုပ်ရမည့်အခြေအနေဖြစ်ကြောင်း ရန်ကုန်မြို့နေ၊စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားတစ် ဦးက ပြောသည်။
“မဲစာရင်းမှားတာက တစ်နိုင်ငံလုံးပဲ။မဲစာရင်းလာမကြည့်တာလည်း တစ်နိုင်ငံလုံးပဲ။စစ်တပ်က လည်း ဘာပဲဖြစ်ဖြစ် ရွေးကောက်ပွဲဖြစ်တယ်ဆိုရုံ ဖြစ်လည်း ပြီးတာပဲဆိုတဲ့အစားထဲကပဲ”ဟု ၎င်းက ပြော သည်။
ဒုတိယအကြိမ်မဲစာရင်းကို နိုဝင်ဘာ၂၁ရက်မှ ဒီဇင်ဘာ၄ရက်အထိ ကပ်ထားမည်ဖြစ်ကြောင်း တရား မဝင်ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။
စာတည်း-ML
