၂၀၂၀ခုနှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိသည်ဟု live လွှင့်ခြင်းကို လူ ခုနှစ်သိန်းကျော် ဝင်ကြည့်ခဲ့၍ မဲမသမာမှု ဖြစ်ခဲ့ခြင်းကို ငြင်း၍ မရဟု စစ်တပ် အတုအယောင် ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ကြံ့ဖွံ့ ကိုယ်စားလှယ်လောင်း ဦးဉာဏ်ဝင်းထိုက် လူပိန်းဆန်စွာ ဝါဒဖြန့် လိမ်လည်ပြောခဲ့သည်။
“၂၀၂၀ နောက်ပိုင်းမှာ ၂၀၂၀ ရွေးကောက်ပွဲရဲ့မဲမသမာမှုတွေကို Live လွှင့်ပြီး ပြည်သူထံ တင်ပြခဲ့ဘူးပါတယ်။ ပြည်သူ ၇ သိန်းကျော်ခန့် ကြည့်ရှု့ခဲ့ပါတယ်။ ဒါကြောင့်မဲမသမာမှုလုပ်ခဲ့တယ်ဆိုတာ ငြင်းလို့မရဘူး” ဟု ဦးဉာဏ်ဝင်းထိုက်က ပြောခြင်း ဖြစ်သည်။
၄င်းသည် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ၌ ဗိုလ်တစ်ထောင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ဝင်ပြိုင်မည့်သူ ဖြစ်သည်။
ရန်ကုန်မြို့ခံ အမျိုးသားတစ်ဦးက ကြံ့ခိုင်ရေး ကိုယ်စားလှယ်များသည် အတွေးအခေါ် ဗဟုသုတ နှင့် စိတ်ဓာတ် နိမ့်ပါးလွန်းသဖြင့် live လွှင့်ရာ၌ view ကိုကြည့်၍ မဲ မသမာမှုကို ငြင်းမရဟု ပြောဝံ့ခြင်း ဖြစ်သည်ဟု ဝေဖန်သည်။
” ဒီလောက် ထုံထိုင်းပြီး ကိုယ်ကျိုးပဲ သိတဲ့လူတွေက နိုင်ငံကို တိုးတက်အောင် အုပ်ချုပ်မယ်ဆိုတာ ရယ်စရာ အလွန်ကောင်းပါတယ်။ live မှာ view လေး နည်းနည်းများတာကို မဲမသမာတာ ငြင်းမရဘူးလို့ တပ်အပ်ကြီး ပြောရဲတာမျိုးက ဒီလို လူ့ နလပိန်းတုံးတွေပဲ ရှိတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် အဆိုပါ ကြံ့ခိုင်ရေး အမတ်လောင်းက စစ်တပ် အာဏာသိမ်းမှုကို လွှဲချပြီး NLD ပါတီသည် မဲ မသမာမှုများအား မီဒီယာများကို အသုံးချကာ ဖုံးဖိရန် ကြိုးစားသည်ဟုလည်း စွပ်စွဲသည်။
“ဒါကြောင့် Facebook ကို သန်းခြောက်ထောင်ကျော်ပေးပြီး လွှတ်တော်ခွင့်ပြုချက်မယူဘဲ သမ္မတရဲ့ Budget ထဲကခိုးသုံးခဲ့တာ။ အခု တော့မြန်မာတစ်နိုင်ငံလုံး စိစိညက်ညက်ကြေပြီးတရားခံက စစ်တပ်ဖြစ်သွားတော့တာပဲ။ တော်ပါတယ် နိုင်ငံတော် Budget နဲ့ နိုင်ငံကိုပြန်ဖျက်ဆီးခဲ့တာသေချာပါတယ်” ဟု ဦးဉာဏ်ဝင်းထိုက်က ပြောသည်။
၄င်း၏ ပြောစကားသည် အခြေအမြစ် မရှိပဲ ၂၀၀၈ အခြေခံဥပဒေ ပြဌာန်းချက်များ၌ ရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်သာ အတည်ဟု ပြဌာန်းထားသော်လည်း အဆိုပါ အခြေခံဥပဒေကို ကျော်လွန်ကာ စစ်တပ်က မတရား အာဏာသိမ်းခြင်းဟု ပြည်သူတစ်ဦးက တုံ့ပြန်သည်။
“ထမင်းစားပြီးကြီးရင် အခုလိုမဟုတ်မရေးလောက်ဘူး။ ရွေးကောက်ပွဲ ရှိရင်ရွေးကောက်ပွဲနဲ့ဆိုင်တဲ့အငြင်းပွားမှု့ရှိတယ်။ ဒါကိုသက်ဆိုင်တဲ့အဖွဲ့အစည်းက ဖြေရှင်းတာလက်ခံရမယ်။ မြန်မာပြည် ၂၀၀၈ ခြေဥ အရကော်မရှင်အဆုံးအဖျက်အပြီးအပျက်ပဲ၊ ဒါကိုလက်မခံတဲ့ အဖွဲ့အစည်းတွေ လူတွေက အာဏာသိမ်းလို့ တိုင်းပြည်အခုလိုဖြစ်တာပဲ၊ သမိုင်းတရာခံတွေပဲ” ဟု အသက် လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ကြံ့ခိုင်ရေး ပါတီသည် ၂၀၂၀ခုနှစ် ရွေးကောက်ပွဲ၌ NLD ပါတီက မဲမသမာမှု ပြုသည်ဟု စွပ်စွဲကာ စစ်တပ် အာဏာသိမ်းရန် ဦးဆောင်တောင်းဆိုခဲ့သည့် ပါတီ ဖြစ်ပြီး ယခု စစ်တပ် ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲတွင် အနိုင်ရရန် သေချာသလောက် ရှိနေသည့် ပါတီ ဖြစ်သည်။
ဦးဉာဏ်ဝင်းထိုက်သည် အာဏာသိမ်းစစ်တပ်၏ အရာရှိဟောင်းတစ်ဦးဖြစ်ပြီး ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုကာ အတုအယောင်ရွေးကောက်ပွဲ ဝင်ပြိုင်မည့်သူ ဖြစ်ကြောင်း သိရသည်။
စာတည်း-ကိုဆန်း
