မကွေးတိုင်း၊ ပေါက်နှင့် မြိုင်မြို့နယ်အစပ်တွင် PDFပစ်ချသဖြင့် ပျက်ကျခဲ့သည့် ပါရာမော်တာပေါ်က စစ်သား ၂ဦးကို ရှာမတွေ့သေးကြောင်းသိရသည်။
နိုဝင်ဘာ ၂၂ရက်၊ ညနေ ၅နာရီခွဲခန့်တွင် ပခုက္ကူတပ်မ ၁၀၁မှ တက်လာသည့် ပါရာမော်တာ ၂စင်းအနက် တစ်စင်းကို ပေါက်နှင့်မြိုင်အစပ်၌ PDFတို့ ပစ်ချနိုင်ခဲ့ပြီး ယင်းပါရာမော်တာပေါ် လိုက် ပါလာသည့် စစ်သား ၂ဦးအား ယနေ့ (နိုဝင်ဘာ ၂၄ရက်)နံနက်ပိုင်း အထိ ရှာမတွေ့သေးကြောင်း မြိုင်ပကဖထံက သိရသည်။
” သွေးကွက်တွေရော သွေးအိုင်တွေရော တွေ့တယ်။ တစ်ကောင်က ပြုတ်ကျတယ်။ ပြုတ်ကျတဲ့ကောင်လည်း လိုက်ရှာနေကြတာပေါ့။ သေတဲ့နေရာတို့ ဒါမှမဟုတ်လည်း ပြေးတာပေါ့။ တစ်ကောင်က အဲ့ပါရာမော်တာပျက်ကျတဲ့နေရာကနေ ထွက်ပြေးတာ။ အဲ့ကောင်ဆီမှာ ဂန်း၊ လက်နက်ပါတယ်။ လေထီးနဲ့ ခုန်မဆင်းဘူး။ သူတို့လေထီးမပါဘူးဗျ” ဟု မြိုင်ပကဖတာဝန်ခံ ကိုလကျာ်က MPA သို့ပြောသည်။
ပါရာမော်တာပျက်ကျသည့်နေရာအနီးပတ်ဝန်းကျင်၌ အင်အား ၄၀၀ ဝန်းကျင်ရှိ စစ်ကြောင်းရောက် ရှိနေပြီး စစ်သား ၂ ဦးကို ရှာဖွေနေပုံရကြောင်း သိရသည်။
” အဲ့မှာ အင်အား ၄၀၀ကျော်လောက်ရောက်နေတာ။ အဲ့နားပတ်ဝန်းကျင်မှာ။ ကျနော်တို့နဲ့က ထိတွေ့ နေ့ခင်းတုန်းက မိနှစ် ၂၀ကျော်လောက်ဖြစ်ပြီးပြီ။ အဲ့နားမယ် သူတို့မီးပတ်ရှို့နေကြတာ။ သူတို့လူလည်း သူတို့ရှာနေတဲ့သဘောမှာရှိတယ်” ဟု ၎င်းက အောက်တိုဘာ ၂၃ရက် နေ့ခင်းပိုင်းကပြောသည်။
အောက်တိုဘာ၂၃ရက်ကဖြစ်ပွားခဲ့သော ယင်းတိုက်ပွဲတွင် စစ်အုပ်စုဝင် ၄ဦးသေဆုံးပြီး ၁၀ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖက ထုတ်ပြန်ထားသည်။
ယင်းပါရာမော်တာသည် PDFရဲဘော်များရှိသည့်နေရာသို့ ဗုံးကြဲတိုက်ခိုက်ပြီးအပြန်တွင် ရဲဘော်များက ပွိုင့်ဖိုက်နှင့် လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်မှုကြောင့် ထိမှန်ပျက်ကျခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ယင်းစစ်ကြောင်းသည် ပေါက်နှင့် မြိုင်မြို့နယ်အစပ်ကျေးရွာများဖြစ်သည့် နသတ်၊ တဲကြီး၊ ကံသစ်၊ ကမ္ဘာဖြူနှင့် ကျောက်ခွက်ရွာများ ပတ်ဝန်းကျင်တွင်ရှိနေပြီး ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများခိုးယူခြင်းတို့ လုပ်ဆောင်နေကြောင်းသိရသည်။
