စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာ ဆေးရုံဟောင်းကို သန်းခေါင်ကျော်အချိန်တွင် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ယနေ့ (နိုဝင်ဘာ ၂၄ ရက်) နံနက် တစ်နာရီခန့်တွင် ကံထူးမရွာ ဆေးရုံဟောင်းနှင့် ကားဘော်ဒီပြင်သည့်ဆိုင်ကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီးတစ်လုံးစီ ကြဲချတိုက်ခိုက်ခဲ့ရာ ဒဏ်ရာရသူ ၄ ဦးရှိကြောင်းလည်း သိရသည်။
” ဆေးရုံဆိုတာ အရင်က မြို့မတိုက်နယ်ဆေးရုံပါ။ ခေတ်ကောင်းတုန်းကပေါ့။ ခုကတော့ ဆေးရုံမဟုတ်တော့ဘူး။ အဲ့ဆေးရုံဆောင်တစ်ဆောင်ရယ်၊ ဆေးရုံအနောက်ဘက်က ကားဘော်ဒီပြင်တဲ့ ဆိုင်တစ်ဆိုင်ရယ်။ အဲ့ဆိုင်က ကားလာပြင်တဲ့ အဝေးက ဧည့်သည်တွေ ပင်လည်ဘူးနယ်ကရယ်၊ မုံရွာမြို့နယ်ကရယ် အဲ့ကပြည်သူက လေးယောက်၊ တန့်ဆည်မြို့နယ်က နှစ်ယောက်၊ အားလုံးပေါင်း ၆ယောက်ပေါ့” ဟု ဒေသတွင်းသတင်းရင်းမြစ်က MPA သို့ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုတွင် ဆေးရုံဆောင်တစ်ဆောင်နှင့် ကားဘော်ဒီပြင်ဆိုင်အဆောက်အအုံ ပျက်စီးခဲ့သည်။
“ဆေးကုနေတယ်။ ၂ ယောက်ကတော့ နည်းနည်းစိုးရိမ်ရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်ကလည်း ကံထူးမရွာ နိုဘယ်ဝမ်းဓာတ်ဆီဆိုင်နားကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၀ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့သေးသည်။
