မဲပေး၊ မပေးသည် ပြည်သူ့ဆန္ဒဟု မင်းအောင်လှိုင် ဗလောင်းဗလဲပြောပြန်

ဓာတ်ပုံ - လူမှုကွန်ရက်

မဲပေးခြင်း၊မပေးခြင်းသည် ပြည်သူတို့၏ ဆန္ဒပင်ဖြစ်ကြောင်း မင်းအောင်လှိုင် ဗလောင်းဗလဲ ပြောလာပြန်သည်ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ဆိုသည်။

နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်ကျောင်းသားများကို ကြိုတင်မဲမပေးလျှင် ကျောင်းအပ်လက်မခံဟု စစ်ကော်မရှင် ခြိမ်း ခြောက်မဲပေးခိုင်းပြီး မကြာခင် နိုဝင်ဘာ၂၃ရက်၌ မအူပင်မြို့ဌာနဆိုင်ရာ၊ ဒေသခံများနှင့် တွေ့ဆုံစဉ် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ထုံးစံအတိုင်း အလွတ်ကျက်ထားတာတွေကို ဗလောင်းဗလဲတွေ ပြောသွားတာပေါ့။ NLDအစိုး ရ မဲ မသမာလို့ ခြေဉနဲ့အညီ အာဏာထိန်းတယ်။ ပြည်သူတွေ မဲပေး၊မပေးက ပြည်သူတွေရဲ့ သဘော။အဲဒီလိုတွေ မင်းအောင်လှိုင်ရဲ့ ဗလောင်းဗလဲတွေပေါ့။မကြာသေးဘူး။ကျောင်းသားတွေကို ခြိမ်းခြောက်ပြီး ကြိုတင်မဲပေးခိုင်းခဲ့တာ”ဟု ၎င်းက MPAသို့ပြောသည်။

မင်းအောင်လှိုင်က မအူပင်မြို့တွေ့ဆုံပွဲတွင် တို့တာဝန်အရေး၃ပါးကို ကာကွယ်စောင့်ရှောက်နိုင်သူ၊ နိုင်ငံရေး၊စီးပွားရေးနှင့် ကာကွယ်ရေးအမြင်ရှိသူ တို့ကို ရွေးချယ်မဲပေးရန်လည်း ပြောကြားခဲ့သည်။

တက္ကသိုလ်ကျောင်းသားများကို ကြိုတင်မဲမပေးလျှင် ကျောင်းအပ်လက်မခံဟု စစ်ကော်မရှင် ခြိမ်းခြောက်ပြီးနောက် နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်ကျောင်းသား ၂၈၃၃၉ဦး ကြိုတင်မဲပေးခဲ့ကြောင်း တရားမဝင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲကျင်းပသည့်ရက်တွင် ဆန္ဒမဲပေးခွင့်ရှိသည့် တက္ကသိုလ်ကျောင်းသား/သူများသည် သက်ဆိုင်ရာမြို့နယ်ပြင်ပရှိ တက္ကသိုလ်၊ ကောလိပ်များ၌ တတ်ရောက်နေချိန်ဖြစ်သဖြင့် နိုဝင်ဘာ၁၇ရက်မှ ၂၁ရက်အတွင်း ကြိုတင်မဲပေးကြရန် တရားမဝင်ရွေးကော်က သတ်မှတ်ခဲ့သည်။

“သတ္တိရှိရင် ဘာဖိအားမှမပေးဘဲ ပြည်သူတွေ စိတ်တိုင်းကျ မဲပေးချင်ပေး၊မပေးချင်နေ လုပ်ကြည့်ပါ။ မြန်မာပြည်သူတွေ ဘာလဲဆိုတာ ကောင်းကောင်း သိသွားမယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် နိုင်ငံတစ်ဝန်းရှိ ရပ်ကျေးအုပ်ချုပ်ရေးရုံးများ၌ ဒုတိယအကြိမ် မဲစာရင်းကပ်ထားရာ သွား ရောက်ကြည့်ရှုသူ အင်မတန်နည်းကြောင်း သိရသည်။