ဒေါ်ကြည်ပြာနှင့် အမျိုးသားတို့ တိုင်ကြားစာ ဝန်ကြီးချုပ်ရုံးသို့ ရောက်မလာသော်လည်း ၎င်းတို့ကို တာဝန်မှ ယာယီရပ်နားဟု NUG ထုတ်ပြန်

ဓာတ်ပုံ-လူမှုကွန်ရက်

အမျိုးသားညီညွတ်ရေးစအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ နှင့် ၎င်း၏ ခင်ပွန်း ဦးညီညီမင်းတို့ကို စစ်ဆေးအရေးယူပေးရန် နိုဝင်ဘာ ၁၉ရက် ရက်စွဲဖြင့် နိုင်ငံတော် ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌတို့ကို လိမ်မူသည့် တိုင်စာသည် ဝန်ကြီးချုပ်ရုံး မေလ်းသို့ ရောက်ရှိလာခြင်းမရှိဟု အမျိုးသားညီညွတ်ရေးအစိုရ(NUG) က ယနေ့( နိုဝင်ဘာ ၂၄ရက်) တွင် ထုတ်ပြန်ထားသည်။

သို့သော် ယာယီသမ္မတထံ တိုင်စာရောက်ရှိလာသည့်အတွက် ထိုကိစ္စကို ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးချုပ်က ၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၂၂ရက်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရန် အမိန့်ထုတ်ပြန်ပြီးနောက် ဖွဲ့စည်းခဲ့ပြီဖြစ်ကြောင်း သိရသည်။

အမြဲတမ်း အတွင်းဝန် ဒေါ်ကြည်ပြာနှင့် ၎င်း၏ခင်ပွန်းတို့အား တိုင်ကြားစာတွင် စွပ်စွဲထားသည့် အဓိကအချက်အချို့မှာ ဝန်ထမ်းများအပေါ် ဖိနှိပ်ဆက်ဆံမှုများ ပြုလုပ်ခြင်း၊ အရေးပါသော ဌာနဆိုင်ရာ နေရာများတွင် ဆွေမျိုးသားချင်းများကိုသာ ခန့်ထားခြင်း (ဥပမာ- ခင်ပွန်းဖြစ်သူ ဦးညီညီမင်းကို ရုံးဦးစီးအဖွဲ့မှူး/ညွှန်ချုပ်အဆင့် ယူစေကာ ဘဏ္ဍာရေးကို စီမံခန့်ခွဲစေခြင်း)၊ ဝန်ကြီးချုပ်ရုံးအား ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းသဖွယ် လုပ်ဆောင်နေကြောင်းနှင့် ဝန်ကြီးချုပ်အပါအဝင် အဆင့်ဆင့်တာဝန်ရှိသူများနှင့် ဝန်ထမ်းများကို ထိတွေ့ခွင့် မပေးဘဲ တားမြစ်ထားခြင်းတို့ကြောင့် နုတ်ထွက်ခဲ့သည့် ဝန်ထမ်း ၁၉ ဦးအနက် ၁၂ ဦးက တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါ တိုင်ကြားစာ၌ နိုင်ငံတကာမှ လှူဒါန်းသည့် အလှူငွေများကို စာရင်းဇယားရှင်းလင်းမှုမရှိဘဲ မိသားစုအကျိုးစီးပွားအတွက် အသုံးပြုနေသည်ဟု စွပ်စွဲချက်များ ပါဝင်ပြီး အချက် ၂၀ ပါ စွပ်စွဲချက်များကို သက်သေများနှင့်တကွ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

“‌NUG ဘက်ကတော့ စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်အတွက် တစ်စုံတရာ ဆက်သွယ်ပြောဆိုတာမျိုးမရှိသေးပါဘူး။ ကျတော်တို့ကတော့ တရားမျှတမှုကို မှန်မှန်ကန်ကန်နဲ့ ဖော်ထုတ်ပြီး ထိုက်သင့်တဲ့ အရေးယူဆောင်ရွက်မှုတွေရှိလာတဲ့အထိ လုပ်ဆောင်သွားမယ်” ဟု တိုင်ကြားခဲ့သူ တစ်ဦးက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ထုတ်ပြန်ချက်တွင် ဒေါ်ကြည်ပြာနှင့် ၎င်း၏ ခင်ပွန်းကို နိုဝင်ဘာ ၂၂ရက်မှ စတင်ကာ စုံစမ်းစစ်ဆေးနေစဉ်ကာလအတွင်း တာဝန်မှ ယာယီရပ်နားမည်ဟု ဆိုထားသည်။

“အခု စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီဆိုပြီး သတင်းထုတ်ပြန်လာတာကို ကြိုဆိုတယ်။ အပြစ်ရှိရင် ထိထိရောက်ရောက် အရေးယူစေချင်တယ်။ စစ်အာဏာရှင်ကို မကြိုက်လို့ တော်လှန်ရေးပေါ်ပေါက်လာတာ ၊ ဆွမ်းဆန်ထဲ ကြွက်ချေးရောနေတာ လုံး၀ကိုမဖြစ်သင့်ဘူး” ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုသည်။

ထို့ပြင် စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် တိုင်ကြားသူများ၊ တိုင်ကြားခံရသူများ၊ နှစ်ဖက် သက်သေတင်ပြမှုများရှိပါက တင်ပြသည့် သက်သေ၊ တိုင်ကြားမှုနှင့် ပတ်သက်ပြီး စစ်ဆေးရန်လိုအပ်သည့် သက်သေများကို ခေါ်ယူစစ်ဆေးမှု အမြန်ဆုံး ဆောင်ရွက်ပြီး တွေ့ရှိချက်များ၊ အကြံပြုချက်များကို ဝန်ကြီးချုပ်ထံ ပြန်လည်တင်ပြရန် တာဝန်ပေးအပ်ထားပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

NUG အနေဖြင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး၊ စစ်ဆေးတွေ့ရှိချက်များအပေါ် မူတည်၍ လိုအပ်သော အရေးယူဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။