ရေးတွင် အားကြိုးမာန်တက် ပေါ်တာဆွဲနေသော ပြည်သူ့စစ်တစ်ဦး ပစ်ခတ်ခံရပြီး သေ

ဓာတ်ပုံ-ရေးပြောက်ကျားတပ်
ပုံစာ - တိုက်ပွဲဝင် ရေးပြောက်ကျားရဲဘော်များ

‌မွန်ပြည်နယ် ၊ ရေးမြို့နယ်တွင် စစ်တပ်အလိုကျ အားကြိုးမာန်တက် ပေါ်တာဆွဲပေးနေသော ပြည်သူ့စစ်တစ်ဦးကို ရေးပြောက်ကျားတပ်က ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။ နိုဝင်ဘာ ၂၆ ရက်၊ ည ၇ နာရီ မိနစ် ၂၀ ခန့်တွင် ရေးမြို့နယ် ၊ အစင်စံပြရွာမှ ပြည်သူ့စစ် မောင်ဖဲအား ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ရေးပြောက်ကျားတပ်က သတင်းထုတ်ပြန်သည်။

“သူရဲ့ဒီအတိုင်းလှည့်ပတ်နေတဲ့အချိန် ညအချိန်မှာရှင်းခဲ့တာပါ။ ရွာအပြင်မှာပဲရှင်းလင်းခဲ့တာပါ။ အလစ်အငိုက်ကို တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် ခုခံချိန်မရခဲ့ပါဘူး။ သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့ တာပါ။ အဲဒီနေရာက စစ်ကောင်စီ စိုးမိုးထားတဲ့ နေရာပါဗျာ။ ကျ‌နော်တို့ရှင်းလင်းပြီးတာနဲ့ ပြန် ဆုတ်ခဲ့တာပါ။ဖြစ်ပြီးချင်းတော့ ပြည်သူစစ်တွေက စစ်တပ်ကိုခေါ်ပြီး လိုက်စစ်ဆေးတာ တော့ရှိတယ်။ အခုတော့လည်း အခြေအနေကပြန်တည်ငြိမ်နေပါတယ်”ဟု ရေးပြောက်ကျားတပ်မှ တာဝန်ရှိသူ ရဲဘော်စောခေတ်သစ်က MPA သို့ပြောသည်။

ပြည်သူ့စစ် မောင်ဖဲကို ဖမ်းဆီးမိချိန်တွင် လက်ထိပ်တစ်စုံ ၊ လောက်စာလုံး ၊ လေးခွတစ်လက် ၊ ဝက်အူလှည့်တစ်ခု စသည်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“သူက ပေါ်တာဆွဲတယ်။ ရွာထဲသူဆိုရင်တော့ ‌ငွေညှစ်တယ်။ အဲဒီဘက်တွေ ကျပန်းအလုပ်သ မားတွေများတယ်။ အဲဒီတော့ ငွေနဲ့ငြိုးတယ်။ လူမပေးနိုင်ရင်ငွေပေး။ ဖမ်းမိတဲ့ ဆေးကတ်ကတော့ လိင်နဲ့ပက်သက်တဲ့ ဆေးထင်တယ်။ မူးယစ်ဆေးတော့မဟုတ်ဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
မောင်ဖဲသည် ပြည်သူများကို ရိုင်းစိုင်းစွာ ဆက်ဆံခြင်း၊ ကျေးရွာအတွင်း ဆိုင်ကယ်များ ခိုးယူခြင်းနှင့် လုယက်ခြင်းတို့လည်း ပြုလုပ်ကြောင်း ရေးပြောက်ကျားတပ်က ထုတ်ပြန်ထားသည်။

အစင်ရွာ၊ အဘော်ရွာနှင့် ဒူးယားရွာတို့တွင် ပြည်သူ့စစ် ဂိတ်များရှိပြီး ဂိတ်တစ်ဂိတ်လျှင် အင်အား ၁၀ ဦးခန့် ရှိကြောင်း သိရသည်။

“ရွာနားမှာ တစ်ဂိတ်တော့ရှိပါတယ်။ အဲဒီရွာတွေဘက်စကစရဲ့အဓိက ရေကြောင်းကမ်းကပ်တဲ့ နေရာတွေပဲဗျာ။ အဲဒီကနေပဲ အင်အားတွေ မြို့ထဲကို ဖြည့်တင်းနေတာပါ။အဲဒီလမ်းကို စကစက အဓိကထားသုံးနေရတော့ ပိုပြီးတင်းကျပ်ထားပါတယ်။ အဲဒီကနေပဲ ကားနဲ့တစ်ဆင့်ပို့နေတာ မြို့ထဲကို”ဟု ၎င်းကဆက်လက်ပြောသည်။

ရခိုင် ၊ ရန်ကုန် ၊ မော်လမြိုင် ၊ မြိတ်တို့မှ ရေယာဉ်များ အစင်ရွာအနီး ကမ်းကပ်ပြီး အစင်နှင့်အဘော်ရွာမှ တစ်ဆင့် ရေးမြို့သို့ လက်နက် ၊ ခဲယမ်း ၊ လူနှင့် ရိက္ခာများကို စစ်တပ်က ပို့လေ့ရှိကြောင်း သိရသည်။