ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တရုတ်ကို ပြဿနာမရှာရန် ဂျပန်ဝန်ကြီးချုပ်အား အမေရိကန်သမ္မတ အကြံပြု

ဓာတ်ပုံ - Reuters
ပုံစာ - ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်သည် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Akasaka Palace ၌ ကျင်းပသည့် နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးတစ်ခုအတွင်း ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာ့ကာအီချီ နှင့် လက်ဆွဲနှုတ်ဆက်နေစဉ်

ထိုင်ဝမ်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တရုတ်ကို ပြဿနာမရှာရန် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာ့ကာအီချီအား အကြံပြုထားကြောင်း အကြံပေးခဲ့ကြောင်း Wall Street Journal က ယနေ့ နိုဝင်ဘာ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

ထိုင်ဝမ် အပေါ် မည်သည့် တိုက်ခိုက်မှုမဆို ဖြစ်ပွားလာပါက ဂျပန်က စစ်ရေးအရ ဝင်ရောက် စွက်ဖက်နိုင်ကြောင်း ပြောကြားခဲ့ပြီးနောက် တရုတ်နှင့် ဂျပန်တို့အကြား သံတမန်ရေးရာ အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့သည်။

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်က နိုဝင်ဘာ ၂၄ ရက်တွင် သမ္မတ ထရမ့်နှင့် ဖုန်းပြောဆိုမှုအတွင်း ထိုင်ဝမ်ကို ပြန်လည်ရရှိရေးသည် “စစ်ပြီးခေတ် နိုင်ငံတကာစနစ်၏ အရေးပါသော အစိတ်အပိုင်းတစ်ခု” ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဖုန်းပြောဆိုပြီး မကြာမီတွင် “ထရမ့်က တာ့ကာအီချီနဲ့ ဖုန်းခေါ်ဆိုဖို့ စီစဉ်ခဲ့ပြီး ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု ကိစ္စနဲ့ ပတ်သက်လို့ တရုတ်ကို ပြဿနာမရှာဖို့ အကြံပေးခဲ့ပါတယ်” ဟု WSJ က ဂျပန်အရာရှိများနှင့် ဖုန်းပြောဆိုမှုအကြောင်း အကျဉ်းချုပ်သိထားသူ အမေရိကန်တစ်ဦးကို ကိုးကား၍ ဖော်ပြခဲ့သည်။

“ထရမ့်ရဲ့ အကြံပေးချက်ဟာ သိမ်မွေ့ပါတယ်၊ သူက တာ့ကာအီချီကို မှတ်ချက်တွေကို ပြန်လည်ရုပ်သိမ်းဖို့ ဖိအားပေးတာမျိုး မလုပ်ခဲ့ပါဘူး” ဟု WSJ သတင်းတွင် ပါရှိသည်။

ဂျပန်ဝန်ကြီးချုပ်၏ ထိုင်ဝမ်အရေး မှတ်ချက်များကို တရုတ်က အမျက်ဒေါသဖြင့် တုံ့ပြန်ခဲ့ပြီး တရုတ်နိုင်ငံသားများအား ဂျပန်သို့ ခရီးသွားလာခြင်းကို ဆန့်ကျင်ရန် အကြံပြုခဲ့သည်။

ဂျပန်တွင် တရုတ်နိုင်ငံသားများ “အကြောင်းမဲ့ စော်ကားခံရခြင်း၊ ရိုက်နှက်ခံရခြင်းနှင့် ဒဏ်ရာရရှိခြင်း” တို့ကို တိုင်ကြားမှုများ ရှိလာကြောင်း ဂျပန်နိုင်ငံရှိ တရုတ်သံရုံးက နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ပြီး ၎င်းတို့နိုင်ငံသားများအား ထပ်မံ သတိပေးခဲ့သည်။