အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီးနောက် အမေရိကန်က မြန်မာအပါအဝင် ၁၉နိုင်ငံမှ Green Card ထုတ်ပေးထားမှုများကို ပြန်လည်စိစစ်မည်

ဓာတ်ပုံ- Fox
ပုံစာ -၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့တွင် အာဖဂန်သေနတ်သမားတစ်ဦး၏ တိုက်ခိုက်ခံခဲ့ရသည့် National Guard တပ်ဖွဲ့ဝင် နှစ်ဦး၊

AFP

ဝါရှင်တန်ဒီစီမြို့တွင် အမျိုးသားလုံခြုံရေးတပ်ဖွဲ့ဝင်များ (National Guard troops) တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံအပါအဝင် အာဖဂန်နစ္စတန်နှင့် အခြားစိုးရိမ်ရသည့် ၁၈ နိုင်ငံမှ အမြဲတမ်းနေထိုင်ခွင့် သို့မဟုတ် “Green Card” ကိုင်ဆောင်သူအားလုံး၏ လူဝင်မှုကြီးကြပ်ရေး အဆင့်အတန်းကို ပြန်လည်စစ်ဆေးမည်ဟု သမ္မတဒေါ်နယ်ထရန့်အစိုးရအဖွဲ့က နိုဝင်ဘာ ၂၈ရက် နေ့တွင် ကြေညာလိုက်သည်။

နိုဝင်ဘာ ၂၆ ရက်က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူသည် အာဖဂန်နိုင်ငံသားဖြစ်ပြီး ယခင်က အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့များနှင့် အတူ လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း အမေရိကန်အရာရှိများက ဖော်ထုတ်ခဲ့သည်။

၂၀၂၁ ခုနှစ်တွင် တာလီဘန်တို့ အာဏာသိမ်းပြီးနောက် အာဖဂန်များအား အမေရိကန်၌ ပြန်လည်နေရာချထားရေးကို ကူညီပေးသည့် AfghanEvac အဖွဲ့၏ အဆိုအရ အဆိုပါ အသက် ၂၉ နှစ်အရွယ် သံသယရှိသူသည် ယခုနှစ် ဧပြီလတွင် ခိုလှုံခွင့် ရရှိထားသူ ဖြစ်သည်။

အမေရိကန် အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုဌာန (USCIS) ၏ ညွှန်ကြားရေးမှူး ဂျိုးဇက်ဖ် အက်ဒ်လိုက X လူမှုကွန်ရက်တွင် “စိုးရိမ်ရသည့် နိုင်ငံတိုင်းမှ နိုင်ငံခြားသားတိုင်း၏ Green Card တိုင်းကို အပြည့်အဝ၊ တင်းကျပ်စွာ ပြန်လည်စစ်ဆေးရန် ညွှန်ကြားထားသည်” ဟု ပြောကြားခဲ့သည်။

စိုးရိမ်ရသည်ဆိုသော နိုင်ငံများစာရင်းတွင် သမ္မတထရန့် ဇွန်လက ထုတ်ပြန်ခဲ့သည့် အုပ်ချုပ်ရေးအမိန့်တွင်ပါဝင်သည့် ၁၉ နိုင်ငံဖြစ်ကြောင်း အက်ဒ်လိုက ပြောကြားသည်။

ခရီးသွားလာခွင့် ပိတ်ပင်ခံရသည့် နိုင်ငံများတွင် မြန်မာ၊ ချဒ်၊ ကွန်ဂို-ဘရာဇာဗီလီ၊ အီကွေတိုရီယယ်လ် ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်တို့ ဖြစ်သည်။


တစ်စိတ်တစ်ပိုင်း ပိတ်ပင်ခံထားရသည့် နိုင်ငံများမှာ ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလားတို့ဖြစ်သည်။အဆိုပါ နိုင်ငံများမှ အချို့သော ယာယီအလုပ်ဗီဇာများကိုမူ ခွင့်ပြုထားသည်။