စစ်ကော်မရှင်မှ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးခံထားရသည့်သူများကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော်လည်း အကျဉ်းထောင် ၁၂ခုမှ နိုင်ငံရေးအကျဉ်းသား ၁၅ဝ ဦးကျော်သာ လွတ်မြောက်ကြောင်း ကနဦး သိရသည်။
ရွေးကောက်ပွဲအကြောင်းပြကာ ၅၀၅-က ဖြင့် အကျဉ်းထောင်များ၌ ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကို စစ်ကော်မရှင်က ယနေ့ နိုဝင်ဘာလ ၂၇ရက်တွင် လွတ်ငြိမ်းပေးခဲ့ခြင်းဖြစ်သည်။
” တချို့ ၅၀၅ တွေက တခြားပုဒ်မတွေနဲ့ အတပ်ခံရတာ၊ ၅၀၅တစ်မှုကို လျော့ပေးလိုက်တယ်ဆိုတဲ့ နှစ်ထောင်ကျော်မှာဆိုရင် ကျတော် နားလည်သလောက်က တခြားပုဒ်မတွေ ကျန်နေတာ ဖြစ်တဲ့အတွက် အကုန်လုံးလွတ်လာဖို့က မဖြစ်နိုင်ဘူး၊ ဘယ်နှစ် ယောက်ကို အတည်ပြုနိုင်လဲ ဆိုတာပဲ တွက်ရမယ် ” ဟု မြန်မာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
PPNM ၏ ကနဦးစာရင်းအရ ပြန်လည်လွတ်မြောက်လာသူများသည် ပြည်အကျဉ်းထောင်မှ ၈ဦး၊ ကလေးအကျဉ်ထောင်မှ ၅ဦး၊ ထားဝယ်အကျဉ်းထောင်မှ ၅ဦး၊ ရမည်းသင်းအကျဉ်းထောင်မှ ၂၂ဦး၊ မအူပင်အကျဉ်းထောင်မှ ၃ဦး၊ ပေါင်းတည်အကျဉ်းထောင် ၅ဦး၊ ဒိုက်ဦးအကျဉ်းထောင် ၇၀ဦး၊ သရက်အကျဉ်းထောင် ၃ဦး၊ မကွေးအကျဉ်းထောင် ၁၁ဦး၊ မြင်းခြံအကျဉ်းထောင် ၃၀ဦး၊ ကျိုက်မရောအကျဉ်းထောင်မှ ၆ဦး၊ သထုံအကျဉ်းထောင် ၅ဦးနှင့် အခြားအကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။
” စာရင်းနဲ့ လွှတ်ပေးတာပါ၊ လွှတ်ပေးမယ့်သူတွေကိုက သူတို့မှာ (စစ်ကော်မရှင်) ရှိပြီးသား၊ စာရင်းမပါတဲ့သူ တွေကတော့ မလွတ်ဘူး ” ဟု ထောင်တွင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ခံရပြီး ပြစ်ဒဏ်ကျခံနေရသူ ၂၃၆၁ ဦးကို ကျခံရန် ကျန်ရှိနေသည့် ပြစ်ဒဏ်များအား လျှော့ပေါ့ကာ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ကြောင်း ယမန်နေ့ နိုဝင်ဘာ ၂၆ ရက် ည (၈) နာရီတွင် စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ပုဒ်မ ၅၀၅-ကဖြင့် ပြစ်ဒဏ်ကျခံနေရသူများအနက် ၇၂၄ ဦးကို “နောက်ထပ်ပြစ်မှု ထပ်မံကျူးလွန်ပါက ကျခံရန် ကျန်ရှိနေသည့် ပြစ်ဒဏ်များအား ဆက်လက်ကျခံမည်” ဟူသည့် စည်းကမ်းချက်ဖြင့် ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။
ထို့ပြင် ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခံရသူ ၅၅၈၀ ဦး၏ အမှုများအား ပိတ်သိမ်း ကြောင်း စစ်ကော်မရှင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
” နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာတာကတော့ ဝမ်းသာစရာပါ၊ ဒါပေမဲ့ သူတို့ကိုတော့ (စစ်ကော်မရှင်) ဘာကျေးဇူးမှတင်စရာ မလိုပါဘူး၊ သူတို့ကိုယ်တိုင် ဖမ်းချင်လို့ တမင်သက်သက်ဖမ်းခဲ့ပြီးမှ အခုမှ သူတော်ကောင်း ယောင်ဆောင်နေကြတာပါ ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။
စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှ၊ ယနေ့ (နိုဝင်ဘာလ ၂၇ရက်)အထိ ဒီမိုက ရေစီအ ရေး လှုပ်ရှားမှုများကြောင့် ၇၄၉၉ဦး သေဆုံးခဲ့ရပြီး ဖမ်းဆီးခံခဲ့ရသူစုစု ပေါင်း ၃၀၀၃၉ဦးထိ ရှိကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ သိရသည်။
