၅၀၅(က)နှင့်တွဲလျက် အခြားအမှု အတပ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာခြင်းမရှိကြောင်းသိရသည်။
စစ်ကော်မရှင်က ၎င်းတို့ပြုလုပ်မည့် အတုယောင်ရွေးကောက်ပွဲတွင် မဲပေးရန်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့်သော်လည်းကောင်း၊ ယင်းပြစ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ဖြင့်လည်းကောင်း တရားစွဲခံရသူ ၅၅၈၀ဦး၏ ကြားနာစစ်ဆေးဆဲအမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုကလွှတ်ရန် နိုဝင်ဘာ ၂၆ရက်၌ အမိန့်ထုတ်ပြန်သည်။
” ၅၀၅တွေကို လက်ရှိ ကျနော်တို့စောင့်ကြည့်တွေ့ရှိမှုအရ ၅၀၅ပုဒ်မ တစ်မှုတည်းကတော့ လွတ်ကြပါတယ်ဗျ။ တော်တော်များများပေါ့။ မလွတ်ကြတာကတော့ အဓိကကတော့ ၅၀၅အပါအဝင် တခြားပုဒ်မတွေ ကပ်ခံထားရတဲ့သူတွေအနေနဲ့တော့ ၅၀၅ကိုတော့ လျှော့ပါတယ်။ ဒါပေမဲ့၊ တခြားပုဒ်မတွေအတွက် ဆက်ပြီးမှ ပြစ်ဒဏ်ကျခံရမယ်ဆိုတဲ့ ပုံစံမျိုးပေါ့နော်။ အကျဉ်းထောင်ထဲမှာကျန်ရှိနေတာမျိုးတော့ ကျနော်တို့ တွေ့ရပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်၊ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPA သို့ပြောသည်။
၅၀၅(က)ပုဒ်မဖြင့် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား ၁၇၃ဦးအထိ လွတ်မြောက်လာကြောင်း အတည်ပြုထားနိုင်ပြီး စိစစ်ဆဲဦးရေ ၃၅၀အထိ ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်က သတင်းထုတ်ပြန်သည်။
” ကျနော်တို့ ထောင်ရဲ့နာမည်နဲ့ အဲ့ထောင်ကလွတ်လာတဲ့ အရေအတွက်တွေကို စိစစ်နေဆဲပေါ့နော်။ ကျနော်တို့ မန္တလေးအိုဘိုအကျဉ်းထောင်၊ အင်းစိန်းအကျဉ်းထောင်၊ သာယာဝတီအကျဉ်းထောင်အပါအဝင် တခြားအကျဉ်းထောင်တွေရဲ့ အရေအတွက်တွေထဲမှာ ၃၅၀လောက်တော့ စာရင်းရှိပြီပေါ့နော်” ဟု ၎င်းက ဆက်လက်ပြောသည်။
အတည်ပြုထားနိုင်သည့်စာရင်းအရ ပြည်ထောင်မှ ၈ဦး၊ ကလေးထောင်မှ ၅ဦး၊ထားဝယ်ထောင်မှ ၅ဦး၊ ရမည်းသင်းထောင်မှ ၂၂ဦး၊ မအူပင်ထောင်မှ ၃ဦး၊ပေါင်းတည်ထောင်မှ ၅ဦး၊ ဒိုက်ဦးထောင်မှ ၇၀၊ သရက်ထောင်မှ ၃ဦး၊ မကွေးထောင်မှ ၁၁ဦး၊ မြင်းခြံထောင်မှ ၃၀ဦး၊ ကျိုက်မရောထောင်မှ ၆ဦးနှင့် သထုံထောင်မှ ၅ဦးတို့ လွတ်မြောက်လာကြောင်းသိရသည်။
