တောင်းရမ်း သောက်စား စစ်သားများကို PDF တိုက်ခိုက်၊ တစ်ဦးသေ၊ ၂ ဦးဒဏ်ရာရဟုဆို

ဓာတ်ပုံ - Area 71 Peoples Defense Force
ပုံစာ - မုံရွာ-မန္တလေးလမ်းပိုင်းပေါ် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့စဉ်။ (ပုံဟောင်း)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီး ခရီးသည်တင်ကားများကို ငွေညှစ်နေသည့် စစ်သားများကို PDF တို့ ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

နိုဝင်ဘာ ၂၆ ရက်၊ နံနက် နံနက် ၈ နာရီခွဲခန့်တွင် မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းပိုင်းပေါ်ရှိ မြန်မာ့မဏ္ဍိုင်စက်သုံးဆီအရောင်းဆိုင်အနီး၌ ခရီးသည်တင်ကားများကို တားဆီးငွေညှစ်နေသည့် စစ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Area71 LPDF Monywa အဖွဲ့က သတင်းထုတ်ပြန်သည်။

” စွမ်းရည်ထက် စခ အထိုင်ဂိတ်ကနေ လာကြတဲ့ စခ တွေပါ။ နေ့စဉ် လိုလို နေရာခွဲပြီး ခရီးသည် ကားတွေဆီကနေ ဆက်ကြေးကောက် ပြီး သောက်စားမူးရူးနေကြတာ။ ခရီးသည်ကားများ ပြတ်ချိန် ကျနော်တို့ အလစ်ဝင်ပစ်ကြတာပါ။ ပစ်ခတ်ချိန်က ၁၅မိနစ်ကျော်ကျော်လောက်ရှိမယ်ဗျ။ လမ်းပေါ် ငွေကောက်နေတဲ့ စခ အင်အားက ၇ယောက်လောက်ပါ။ လမ်းဘေးမှာ ကင်းပုန်းဝပ်နေတဲ့ စခ အင်အားနဲ့ပေါင်းရင် ၃၀လောက်ရှိမယ်” ဟု Area71 LPDF Monywaအဖွဲ့ခေါင်းဆောင် ကိုထွန်းက MPA သို့ပြောသည်။

ယင်းပစ်ခတ်မှုတွင် လမ်းဘေး၌ ကင်းပုန်းဝပ်နေသည့် စစ်သားများ၏ ပြန်လည်ပစ်ခတ်မှုကြောင့် PDF ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” လမ်းပေါ်က စခ တွေက ပစ်ခတ်ချိန်မှာ လမ်းဘေးကို ဆင်းပြေးကြတယ်။ ကျနော်တို့ အပြန်အလှန် ပစ်ခတ်တာက လမ်းဘေးကင်း စခ တွေနဲ့ပါ။အပြန်အလှန်ပစ်ကြတာဆိုတော့ ကျည်ရှပ်မှန်သလိုပါ။ အပြဲအရှ လောက်ပါပဲ။ လမ်းဘေးကင်းနဲ့ပစ်ကြလို့ ထိတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်သားများ သေဆုံး၊ဒဏ်ရာရရှိမှုကို မျက်မြင်ပြည်သူတို့၏ သတင်းပေးချက် အရ အတည်ပြုနိုင်ခဲ့ကြောင်း‌သိရသည်။

ပစ်ခတ်မှုဖြစ်သည့်နေရာနှင့် မုံရွာမြို့သည် ၃မိုင်သာဝေးကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုကို Area71 LPDF Monywa၊ CHINDWIN DYANAMITE SALINGYIနှင့် GOLDEN PEACOCK ATTACK FORCEအဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။