ချင်းပြည်နယ်၊ တီးတိန်မြို့အဝင်ရှိ စစ်တပ်ဂိတ်ကို ချင်းညီနောင်က ပြန်လည်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
စစ်တပ်သည် တီးတိန်မြို့၏ လူအဝင်အထွက်ကို ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၇ရက်၊ နံနက် ၈နာရီခန့်တွင် တီးတိန်မြို့အဝင်ရှိ ကြိုဆိုပါ၏ဆိုင်းဘုတ်အနီးတွင် တပ်စွဲထားသည့် ခလရ ၂၆၉ မှ စစ်သားများနှင့် ချင်းညီနောင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း PDF Zoland က ယနေ့ ( နိုဝင်ဘာ ၂၈ရက် ) နံနက်ပိုင်း၌ သတင်းထုတ်ပြန်သည်။
” တီးတိန်မြို့အဝင် မုခ်ဦးအနီးရှိ အင်အား ၆၀ လောက်ရှိတဲ့ စကမ တပ်ခွဲတစ် ခုစာလောက်တပ်စွဲထားတဲ့နေရာကို ချင်းညီနောင်တပ်ဖွဲ့များက ဝင်သိမ်းတာပါ။ တိုက်ပွဲအတွင်း စကမ တပ်သား ကျဆုံးတာရှိတယ်။ အရေအတွက် အတိအကျပြောလို့မရဘူး ” ဟု PDF Zoland မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
RPG ဗုံးသီးများအပါအဝင် လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းနှစ်ဦးလည်း ဖမ်းဆီးရမိခဲ့ကြောင်း PDF Zoland က ထုတ်ပြန်ထားသော မှတ်တမ်းဓာတ်ပုံများအရ သိရသည်။
” စစ်သုံ့ပန်းတွေကို သက်ဆိုင်ရာဌာနကို လွှဲပြောင်းပြီး ထိန်းသိမ်းမယ်။ စစ်ဆေးမေးမြန်းမှုနှင့် အရေးယူဆောင်ရွက်မှု ဆက်လက်လုပ်ဆောင်ဖို့ရှိပါတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ PDF Zoland တာဝန်ရှိသူက အသေးစိတ်ပြောကြားခြင်းမရှိပေ။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်တပ်က တီးတိန်မြို့ထဲတွင် လမ်းပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး ပြည်သူများအား အသွားအလာ ကန့်သတ်ခဲ့ကြောင်း သိရသည်။
