တန့်ဆည်ပျူရွာကို PDF သိမ်း၊ လေကြောင်းဗုံးကြဲ စစ်တပ် ဆက်လုပ်နေ

ဓာတ်ပုံ - တန့်ဆည်မြို့နယ် ပကဖ
ပုံစာ - တိုက်ပွဲဝင်ရဲဘော်များနှင့် သိမ်းဆည်းရမိသည့် ပစ္စည်းများ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ မူးတိမ်ပျူရွာကို တော်လှန်ရေးတပ်များက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်က လေကြောင်း တိုက်ခိုက်နေကြောင်း သိရသည်။

ယနေ့ (နိုဝင်ဘာ ၂၈ရက်) နံနက် ၄နာရီခန့်မှစ၍ မူးတိမ်ပျူစောထီးရွာကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ နံနက် ၈နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း တန့်ဆည်မြို့နယ်ပကဖ က သတင်းထုတ်ပြန်သည်။

” ကိုယ့်ဘက်က အကုန်လုံးသိမ်းနိုင်လိုက်တယ်ဗျ။ ရွာရောရလိုက်တယ်။ စကစကဘက်ကတော့ သေဆုံးထိခိုက်ကတော့များတယ်ဗျ။ မူးဂွ(ပျူရွာ)ဘက်ကနေ သူတို့ကို စစ်ကူလာပေးတဲ့ အင်အား ၇၀ဝန်းကျင်ထဲမှာလည်း အထိအခိုက်ရော အသေအဆုံးရောရှိတယ်။ မူးတိမ်း ရွာထဲမှာရော ကျနော်တို့ ဝင်လုံးတဲ့ ဘန်ကာတွေထဲမှာရော အခြားကင်းစခန်းမှာရော အသေအပျောက်များတယ်ဗျ” ဟု ဓူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေဦး၏ မြို့နယ်စစ်ရေးတာဝန်ခံ ကိုသားညီက MPA သို့ပြောသည်။

ယင်းတိုက်ပွဲတွင် စစ်အုပ်စုဘက်က ၁၈ယောက်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း ကျန်စစ်အုပ်စုဝင်များ မူးဂွပျူရွာဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

” ကျနော်တို့ဘက်က ပထမဆုံးဗျူဟာစကတည်းက နောက်ကနေ နောက်ပိုးနဲ့ဝင်ကြိတ်ပြီးတော့ သူတို့ရဲ့ အထိုင်ချတဲ့နေရာတွေကို ကင်းစခန်းတွေကို ကျနော်တို့က ဝင်ပြီးတော့ ဝိုင်းလိုက်တာပေါ့။ ဝိုင်းလိုက်တဲ့အချိန်မှာ ကျနော်တို့ဘက်က ဟာပေါက်တစ်ပေါက်တော့ ပေးထားတယ်။ အဲ့ဟာပေါက်ကနေ သူတို့ထွက်ပြေးသွားတာပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။

မူးတိမ်ပျူရွာအတွင်း၌ လက်နက်ကိုင်ပျူနှင့် စစ်သား ၅၀ဝန်းကျင်ရှိပြီး ပြည်သူများလည်း နေထိုင် ကြောင်းသိရသည်။

” ပျှမ်းမျှအင်အားဆိုရင် လက်နက်ကိုင်ရော လက်နက်မကိုင်ရောဆိုရင်၊ ရွာထဲက ပြည်သူတွေရော နေတာပေါ့။ လက်နက်ကိုင်ကတော့ အင်အား ၄၈ယောက်ဝန်းကျင်ရှိတယ်ဗျ။ တိုက်ပွဲတွင်းမှာ ကျနော်တို့တိုက်ပွဲစပြီးဖော်ဆောင်တဲ့အခါကျတော့ ပြည်သူတွေက အကုန်လုံး သူ့ဟာသူတိမ်းရှောင်သွားကြတာပဲ” ဟု ၎င်းကပြောသည်။

တိုက်ပွဲအတွင်း၌ စစ်တပ်ဘက်က တံတားဦးတက်ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်၊ ဟုမ္မလင်းတက် Y-12 ဖြင့် ဗုံး အလုံး ၈၀ခန့်နှင့် ကန့်ဘလူ ၆၀၀၆မှ ဟောင်ဝှစ်ဇာအမြောက် ပစ်ကူများပေးခဲ့ပြီး ယနေ့ ညနေ ၃နာရီဝန်းကျင်အထိ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုကို ဗျူဟာ၅၂ ပေါ်ဦးစစ်ကြောင်း၊တန့်ဆည်မြို့နယ် ပကဖ၊ရွှေဘိုခရိုင် အမှတ်၂၅ တပ်ရင်း၊ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA၊ဓူဝံ ရေဦးမြို့နယ်အဖွဲ့၊ဝံသပါလ ရေဦးမြို့နယ်အဖွဲ့နှင့် Drone force Taze တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စစ်အုပ်စုဝင်များ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။