အေအေ အဖွဲ့က အသက်မပြည့်သေးသူ ကလေးတစ်ဦးကို မီးရှို့သတ်ဖြတ် ဆိုသည့် အကြောင်းအရာ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၂၆ ရက် ည ၁၀ နာရီ ၃၈ မိနစ်တွင် အေအေ အဖွဲ့ထဲ မဝင်သည့် မင်းပြားက အသက်မပြည့်သေးသူ ကလေးတစ်ဦးကို အေအေအဖွဲ့က မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ ရေးသားဖြန့်ဝေခဲ့သည်။
အဆိုပါအကြောင်းအရာကို နိုဝင်ဘာ ၂၈ ရက် နေ့လည် ၁ နာရီအထိ ဝင်ရောက်ကြည့်ရှုသူ ၂၂,၀၀၀ ကျော်၊ Reaction ပေးသူ ၅,၀၀ ကျော် ရှိခဲ့ပြီး “ကိုနှင်းမောင် ၊ နောင်ရိုးဟစ်တိုင်” အပြင် အခြား စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကပါ ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများခဲ့သည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/MOJFP
ကိုနှင်းမောင် – https://archive.ph/8ZW7l
နောင်ရိုးဟစ်တိုင် – https://archive.ph/1oAX8
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံတွင် “Western News” မီဒီယာ၏ လိုဂို တွေ့ရှိသဖြင့် Western News ၌ ရှာဖွေကြည့်ရာ သတင်းဖော်ပြထားသည်။
Western News တွင် ၂၀၂၅ ဇူလိုင် ၂၆ ရက်ညက မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်ရှိ ရာစုသစ်ဘော်ဒါဆောင်တွင် အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦး ခန္ဓာကိုယ်တစ်ခုလုံး မီးလောင်ပြီး သေဆုံးခဲ့သည့် အမှုကို ULA/AA က မင်းပြား ရဲစခန်းမှူးအား အပြောင်းအလဲလုပ်၍ စုံစမ်းစစ်ဆေးနေကြောင်း၊ သေဆုံးသူ၏ မိသားစုဝင်များက ULA/AA ၏ မင်းပြားရဲစခန်းနှင့် မြောက်ဦးခရိုင် ရဲမှူးကြီးထံ ယင်းအချိန်ကတည်းက တိုင်ကြားခဲ့သော်လည်း ယနေ့အထိ အမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးကြောင်း၊ ခြင်ထောင်တစ်လုံးထဲတွင် ကျောင်းသားနှစ်ဦး အတူအိပ်နေသော်လည်း သူတစ်ဦးတည်းသာ မီးလောင်ခဲ့ခြင်း၊ ဘော်ဒါဆောင်ပိုင်ရှင်က မီးလောင်ရာပါ သက်သေခံပစ္စည်းများကို ဖျောက်ပစ်ခြင်း၊ ဆေးရုံသို့ နောက်ကျမှ ပို့ဆောင်ခဲ့ခြင်းတို့ကြောင့် မိသားစုဝင်များက သေဆုံးသူမှာ မီးရှို့သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု သံသယရှိနေကြောင်း ရေးသားထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/NqbNM
အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “မင်းပြား ကျောင်းသား မီးလောင်သေဆုံး” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “နိရိဉ္ဇရာ ၊ Arakan Bay News” အပါအဝင် အခြား မီဒီယာများတွင် သတင်းရေးထားသည်ကို တွေ့ရသည်။
သတင်းမီဒီယာများတွင် ၂၀၂၅ ၊ ဇူလိုင် ၂၆ ရက်နေ့က ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ၁၂ တန်း ကျောင်းသား တစ်ဦး တစ်ကိုယ်လုံး မီးလောင်ပြီး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူမှာ မင်းပြားမြို့နယ် ၊ ကျွဲကြိုကျေးရွာက အသက် ၁၈ နှစ်အရွယ် မောင်ငြိမ်းထက်ကျော် ဖြစ်ကြောင်း၊ မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက် ရာစုသစ် ဘော်ဒါဆောင်တွင် ပညာသင်ကြားနေသူဖြစ်ကြောင်း၊ ဘော်ဒါဆောင်တွင် သူငယ်ချင်းများနှင့်အတူ အိပ်ပျော်နေစဉ် တစ်ယောက်တည်း မီးလောင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးမှုနှင့် ပတ်သက်၍ ဘော်ဒါဆောင်ပိုင်ရှင် နှင့် ကျောင်းသား ငါးဦးကို အာရက္ခပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဌာနက စစ်ဆေးမေးမြန်းနေကြောင်း ၊ အက်စစ်နှင့် အပက်ခံရပြီး မီးရှို့ခံရခြင်းဖြစ်သည်ဟု ကောလဟလများ ထွက်ပေါ်နေကြောင်း ရေးသားထားသည်။
အပြည့်အစုံဖတ်ရန် >>>
နိရဉ္ဇရာ – https://bitly.cx/PGjLF
Arakan Bay News – https://bitly.cx/TEj2
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်က မင်းပြားမြို့ ရာစုသစ်ဘော်ဒါဆောင်၌ အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ရေးသားထားသည်။ သေဆုံးသူမှုကို ULA/AA က စစ်ဆေးနေပြီး ယနေ့အချိန်ိထိ အမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးကြောင်း ရေးသားထားသည်။
ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “အေအေအဖွဲ့ထဲ မဝင်သည့်အတွက် အသက်မပြည့်သေးသူတစ်ဦးကို အေအေအဖွဲ့က မီးရှို့သတ်ဖြတ်” ဆိုသည့် အကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
