အိန္ဒိယနိုင်ငံက ရှားပါးမြေသတ္တု သံလိုက် (Rare Earth Magnets) ထုတ်လုပ်မှုကို မြှင့်တင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော် တန်ဖိုးရှိ အစီအစဉ်တစ်ရပ်ကို အတည်ပြုလိုက်ကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် ကြေညာလိုက်သည်။
ယင်းစီမံကိန်းက တရုတ်နိုင်ငံကဲ့သို့သော နိုင်ငံများထံမှ ရှားပါးမြေသတ္တု သံလိုက်များ တင်သွင်းနေရ မှုအပေါ် မှီခိုနေရမှုကို လျှော့ချရန် ရည်ရွယ်သည်။
အမြဲတမ်းသံလိုက်များထဲတွင် အစွမ်းအထက်ဆုံး အမျိုးအစားအချို့ဖြစ်ပြီး ရှားပါးမြေသတ္တု အမြဲတမ်းသံလိုက်များ (Rare Earth Permanent Magnets- REPMs) သည် ရှားပါးမြေသတ္တုဒြပ်စင်များ ရောစပ်ထားသည့် သတ္တုစပ်များမှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး လျှပ်စစ်ကားများ၊ လေကြောင်းနှင့် အာကာသဆိုင်ရာလုပ်ငန်းများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အပါအဝင် အရေးပါသော ကဏ္ဍများစွာတွင် အသုံးပြုသည်။
အိန္ဒိယအစိုးရက လက်ရှိတွင် ၎င်း၏ လိုအပ်ချက်များကို ပြည်ပမှ အဓိကတင်သွင်းနေရပြီး ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတွင် လိုအပ်ချက်သည် နှစ်ဆ တိုးလာနိုင်ကြောင်း ခန့်မှန်းထားသည်။
အမေရိကန်ဒေါ်လာ ၈၁၅.၃ သန်း တန်ဖိုးရှိသော အစီအစဉ်သည် “ပြည်တွင်း စက်မှုလုပ်ငန်းများအတွက် ထောက်ပံ့ရေးကွင်းဆက်ကို လုံခြုံစေရန် အထောက်အပံ့ဖြစ်စေ လိမ့်မည်ဟု အစိုးရက ပြောကြားခဲ့သည်။
အဆိုပါ စီမံကိန်းသည် တစ်နှစ်လျှင် ရှားပါးမြေသတ္တု သံလိုက် မက်ထရစ်တန် ၆,၀၀၀ ခန့် ထုတ်လုပ်ရန် ရည်မှန်းချက်ကို အထောက်အပံ့ဖြစ်စေမည်ဟုဆိုသည်။
ယခုအစီအစဉ်ကို ပြည်တွင်း လုပ်ငန်းအဖွဲ့များက ကြိုဆိုခဲ့ကြပြီး အိန္ဒိယ မော်တော်ယာဉ် အစိတ်အပိုင်း ထုတ်လုပ်သူများ အသင်း (ACMA) က ၎င်းသည် မော်တော်ယာဉ် ထောက်ပံ့ရေးကွင်းဆက်ကို ရေရှည် ခံနိုင်ရည်ရှိစေမည်ဟု ပြောကြားခဲ့သည်။
