မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် သက်ကြီးရွယ်အိုအဘိုးအဘွားများကို ပစ်မှတ်ထားကာ နေအိမ်ထဲထိ လိုက်လံလိမ်လည်မှုများ ရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလလယ်အတွင်း၌ မိတ္ထီလာမြို့ပေါ်ရှိ ရန်မျိုးအောင်၊ ကျီတော်ကုန်း၊ ပြည်သာယာ၊ မြို့သစ်နှင့် ရတနာမာရ်အောင်ရပ်ကွက်များတွင် သက်ကြီးရွယ်အိုအဘိုးအဘွားများသာရှိသည့် နေအိမ်များကို ပစ်မှတ်ထားကာ နေအိမ်အတွင်းသို့ ဝင်ရောက်၍ တန်ဖိုးကြီးပစ္စည်းများလိမ်လည်ရယူခြင်းများ တွေ့ကြုံနေကြရကြောင်း ဒေသခံများက ဆိုသည်။
“ဒီနိုဝင်ဘာလထဲမှာဘဲ ကြားရတာ။ ပင်စင်စားတွေ၊ ၇၀ ကျော်အရွယ်တွေရှိတဲ့ အိမ်ထဲထိ ဝင်ပြီး ပစ္စည်းတွေယူတာ။ သက်ကြီးရွယ်အိုတွေဆိုတော့ ပြန်ခုခံဖို့ ခွန်အားမရှိ၊ လုပ်ရကိုင်ရလွယ်တော့ ပစ်မှတ်ထားလာတာ ဖြစ်နိုင်တယ်။ ရန်မျိုးအောင်ထဲမှာတော့ ဆေးမိသလိုမျိုးဖြစ်သွားတာ။ မိတ္ထီလာမြို့ပေါ် အတော်နှံ့နေပြီ။ မြို့အနောက်ပိုင်းမှာတော့ ဒီလိုလိမ်တာတွေ မရှိသေးဘူး” ဟု မိတ္ထီလာမြို့၊ ပြည်သာယာရပ်ကွက်နေ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်မှ အသက် ၇၅ နှစ်အရွယ် အငြိမ်းစားဝန်ထမ်း အဘိုးတစ်ဦး၏ နေအိမ်အတွင်းသို့ အသက် ၃၀အရွယ် လူငယ်တစ်ဦးရောက်ရှိလာကာ ရွှေထည်ပစ္စည်းမျိုးစုံ၊ ဖုန်းနှင့် ငွေများကို ယူဆောင် ထွက်ပြေးသွားကြောင်း သိရသည်။
“သက်ကြီးရွယ်အိုတွေကို လိုက်ကန်တော့နေတာပါဆိုပြီး တံခါးကြားကနေ စာရွက်ထိုးပေးလိုက်တာ။ စာရွက်ထိမိပြီးတော့ အဲ့ဒီ့လူပြောသမျှကို အဘိုးက အကုန်နားထောင်မိပြီး ပစ္စည်းတွေပါသွားတာ။ တချို့နေရာတွေမှာက ဘာသာရေးစာရွက်တွေ ဝေနေတာဆိုပြီး ပြောကြတယ်။ တို့ဆေးတွေ၊ အငွေ့ချတာမျိုးတွေလို့ မြို့ထဲမှာတော့ ပြောနေကြတယ်” ဟု ကျီတော်ကုန်းရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ဆိုသည်။
ယင်းနေ့၌ပင် မိတ္ထီလာမြို့၊ မြို့သစ်ရပ်ကွက်မှ အဘွားတစ်ဦး၏ နေအိမ်သို့ လူငယ်တစ်ဦးရောက်ရှိလာပြီး သက်ကြီးရွယ်အိုများကို ပရဟိတထောက်ပံ့ငွေကူညီသည့်အကြောင်း ပြောဆိုကာ ခြေဆုပ်လက်နယ်ပြုခဲ့သည်။
ထို့နောက် အဆိုပါလူငယ်က အိမ်ရှင်အဘွားဖြစ်သူ သတိလက်လွတ်ဖြစ်နေသည့်အချိန်၌ နေအိမ်အတွင်းရှိ တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ တစ်ပတ်လောက်ကလည်း မြို့သစ်ထဲမှာ လိမ်သွားသေးတယ်။ အခုလိမ်တဲ့သူတွေက ရုပ်ရည်သန့်သန့်ပြန့်ပြန့်၊ ဝတ်စားထားတာကလည်း သန့်ရှင်းသပ်ရပ်နေတာ။ ငွေကန့်တော့တယ်၊ Wifi တပ်ပေးမယ် အဲ့လို အကြောင်းပြချက်တွေနဲ့ လိုက်လိမ်နေတာ။ ကျားဖြန့်ကိုမှ အိမ်တိုင်ရာရောက်ကို လိမ်နေကြတာ” ဟု မြို့သစ်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ဆိုသည်။
ထိုကဲ့သို့ နေအိမ်များအတွင်းသို့ပင် ဝင်ရောက်၍ လိမ်လည်နေသူမှာ Click ဘီး ဆိုင်ကယ်အနက်ရောင်၊ အနက်ရောင်အင်္ကျီနှင့်ဘောင်းဘီကိုသာ ဝတ်ဆင်ကြောင်း မျက်မြင်တွေ့ရှိခဲ့ရသူများက ဆိုသည်။
ယခုကဲ့သို့ နေအိမ်အတွင်းဝင်ရောက်၍ ပစ္စည်းများ လိုက်လံလိမ်လည်နေမှုများကို စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့ဘက်မှလည်း တစ်စုံတရာအရေးယူဆောင်ရွက်ပေးမှု မရှိကြောင်း သိရသည်။
“စစ်တပ်တွေ၊ ရဲစခန်းတွေ အများကြီးရှိတဲ့ နယ်မြေမှာ လူလိမ်သူခိုးတွေပေါနေတာကို အခုချိန်ထိ အရေးယူနေတာမျိုးလည်း မတွေ့ရဘူး။ အဖမ်းအဆီးမရှိရင်တော့ ပြည်သူတွေက နေ့တိုင်း အထိတ်တလန့်နဲ့ ကြောက်နေကြရမှာဘဲ” ဟု ဝန်ဇင်းရပ်ကွက်မှ အမျိုးသားတစ်ဦးက ဆိုသည်။
နေအိမ်များအတွင်းသို့ ဝင်ရောက်၍ လိမ်လည်နေမှုများမှာ စစ်ကော်မရှင်တပ်၏ နာမည်ကြီးသည့် တပ်မ ၉၉ နှင့် ရှမ်းတဲလေတပ်ဌာနချုပ် အခြေစိုက်ရာ မိတ္ထီလာမြို့တွင်သာမက စစ်ကော်မရှင်ရုံးများ အခြေစိုက်သည့် နေပြည်တော်၊ ပျဥ်းမနားမြို့နယ်တို့တွင်လည်း ဖြစ်ပွားနေကြောင်း သိရသည်။
