နိုဝင်ဘာ ၃ ပတ်တာအတွင်း အလင်းဝင်နှင့်စစ်သုံ့ပန်း ၁၇၀ ကျော်ရှိ

ဓာတ်ပုံ- Force for Federal Democracy -FFD
ပုံစာ-နိုဝင်ဘာ၁၄ရက်၊ တနင်္သာရီတိုင်း၊မောတောင်မြို့သိမ်းတိုက်ပွဲအပြီး ဖမ်းဆီးမိသော စစ်သုံ့ပန်း များနှင့် လက်နက်ခဲယမ်းများ

နိုဝင်ဘာလ ၃ ပတ်အတွင်း အလင်းဝင်နှင့် စစ်သုံ့ပန်း ၁၇၂ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

နိုဝင်ဘာတတိယပတ်တွင် အလင်းဝင်နှင့်စစ်သုံ့ပန်း ၃၂ဦး၊ ဒုတိယပတ်တွင် ၁၀၉ဦးနှင့် ပထမပတ် တွင် ၃၁ဦးရှိကြောင်း သိရသည်။

“ပြည်သူက မယုံကြည်တော့တဲ့၊ အားလုံးက မုန်းတီးပြီးကျိန်စာတိုက်နေကြတဲ့ စစ်ခေါင်းဆောင်လက် အောက်မှာ ပုရွက်ဆိတ်တစ်ကောင်လောက်တောင် ဘဝက တန်ဖိုးထားခံရရဲ့လား။ အသိတရားရသင့် ကြပါပြီ”ဟု ပြည်သူ့ပန်းတိုင်က ဆိုသည်။

နိုဝင်ဘာတတိယပတ်အတွင်း အလင်းဝင်စစ်သား၂၀၊ ဒုတိယပတ်တွင် ၃၀နှင့် ပထမပတ်တွင်မူ အလင်းဝင်စစ်သားမရှိပေ။

“အလင်းဝင်လာတာ သိသိသာသာ မြင့်တက်လာတာမျိုးမရှိဘူး။ အလင်းဝင်တဲ့ထဲမှာ ပစ(စစ်မှုထမ်း တပ်သား)တွေများပေမဲ့ စစ်မှုထမ်းသင်တန်းဆင်းအရေအတွက်ရဲ့ မပြောပလောက်တဲ့အရေအတွက် လောက်ပဲ အလင်းဝင်တာတွေ့ရတယ်။သက်ဆိုင်တဲ့သူတွေ ပြန်သုံးသပ်ကြစေလိုတယ်”ဟု နယ်စပ် ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။

အလင်းဝင်လာသူများမှာ ၂၀၂၅ဇန်နဝါရီတွင် ၈၈ဦး၊ဖေဖေါ်ဝါရီတွင် ၈၀၊ မတ်တွင် ၆၂ဦး၊ ဧပြီတွင် ၆၅ဦး၊ မေတွင် ၆၆ဦး ၊ ဇွန်တွင် ၁၀၀၊ ဇူလိုင်တွင် ၁၀၉ဦး၊ဩဂုတ်တွင် ၁၇၄ဦး၊စက်တင်ဘာတွင် ၆၉ဦးနှင့်အောက်တိုဘာတွင်၄၅ဦးရှိခဲ့ပြီး အလင်းဝင်စစ်သားများထဲ၌ စစ်မှုထမ်းတပ် သား သုံးပုံနှစ်ပုံကျော် ပါဝင်ကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

ပြည်သူ့ပန်းတိုင်က ကောက်ယူထားသည့် မှတ်တမ်းများအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ နိုဝင်ဘာလ တတိယပတ်အထိ အလင်းဝင်ပူးပေါင်းနှင့် စစ်သုံ့ပန်း စုစုပေါင်း ၂၄၁၈ ဦးရှိပြီဖြစ် ကြောင်း သိရသည်။