မြန်မာ့ ရုပ်ရှင်လောက၌ ပထမဆုံး အကြိမ်အဖြစ် ကြည့်ရှုသူ တစ်ယောက်မှ မရှိသည့် ရုပ်ရှင်အဖြစ် စစ်တပ်ထောက်ခံသူ ယုန်လေး ရိုက်သည့် မြို့ပြထဲက လမ်းမ ရုပ်ရှင် စံချိန်တင်သွားကြောင်း အနုပညာအသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။
အဆိုပါ ရုပ်ရှင်သည် ယုန်လေးက ငွေကျပ် သိန်း ၆၀၀၀ အကုန်အကျ ခံကာ ရိုက်ကူးထားခြင်း ဖြစ်ပြီး နိုဝင်ဘာ ၂၈ ရက်တွင် ရုံတင်ပြသရာ ကြည့်ရှုသူတစ်ယောက်မှ ရောက်မလာခြင်း ဖြစ်သည်။
” သိန်း ၆၀၀၀ ကျော်ကုန်ပါတယ် ။ ပြင်ဆင်လိုက်ရိုက်ကူးအချိန် တစ်နှစ်ခွဲကြာပါတယ်။ ဒီနေ့ စတင်တယ် ။ ကြည့်ပြီးတဲ့ သူတွေတော့ Quality သိပါတယ် ။ ဒီနှစ်တစ်နှစ်လုံး မှာ ဝင်ငွေ အနည်းဆုံးဇာတ်ကား အဖြစ်စံချိန်ဝင်သွားပါပြီ၊ ရုံမှာ လူတစ်ယောက်မှ မရှိလို့ ပိတ်ရပါတယ် ” ဟု ယုန်လေးက ၄င်း၏ လူမှုကွန်ယက်စာမျက်နှာ၌ ရေးသားထားသည်။
ယင်း မြို့ပြထဲက လမ်းမ ရုပ်ရှင်၏ ရုပ်ရှင်အထူးပြပွဲအား ယမန်နေ့(နိုဝင်ဘာ ၂၇ ) ရက်က ပြုလုပ်ရာတွင် တိုင်ရွန်၊ ထက်ထက်ထွန်းကဲ့သို့ ယင်းရုပ်ရှင်၌ပါ ဝင်သည့် အဓိကသရုပ်ဆောင်များ လာရောက်ခြင်း မရှိဟု သိရသည်။
” တိုင်ရွန်တို့ တစ်ယောက်မှ မလာဘူး”ဟု အဆိုပါ ရုပ်ရှင် အထူးပွဲသို့ သွားရောက်ခဲ့သည့် အနုပညာသတင်းထောက်တစ်ဦးက ပြောသည်။
ယုန်လေးက ၄င်း၏ ရုပ်ရှင်အတွက် ကူညီသူ မရှိသည့်အတွက်လည်း အပြစ်တင်ထားပြီး ရုပ်ရှင်လောကမှ အနားယူမည်ဟုလည်း အသိပေးလာသည်ကိုတွေ့ရသည်။
” တစ်ယောက်ထဲ မဟုတ်ဘူး လူပေါင်းရာကျော်တယ် ။Acc အတုက ကောမန့် တစ်ခု အဆဲခံရဖို့တောင်သူတို့အဆဲမခံချင်ကျဘူး ယုန်လေး နဲ့ မပတ်သက်ပါဘူး ။ကင်းပါတယ်ပေါ့ ။ထားပါတော့.ဝန်းရံပေးခဲတဲ့ သူတစ်ယောက်ချင်းစီတိုင်းကို အမြဲ အမှတ်တရ ရှိနေမှာပါ ” ဟု ယုန်လေးက ရေးသားထားသည်။
ဆက်လက်ပြီး ၄င်းက ” တစ်သက်လုံး မသေမချင်း အနုပညာပဲ လုပ်ချင်ခဲ့တာ။အဲ့ရည်ရွယ်ချက်က မြန်မြန်ပျက်စီးသွားမယ်လို့ မထင်ခဲ့ဘူး ။ ဘယ်ဘဝ ရောက်ရောက် ကျတော့်ဘေးမှာ ရှိတဲ့ အနုပညာသမားကတော့ မြင့်မြတ်၊ ထူးခြား၊ ကိုအယ်ကြီးပဲ၊ Ice Cold ကတော့ Wifi ချိတ်မိတဲ့ အချိန်တွေတော့ ပေါ်ပေါ်လာတယ် ။ အားလုံးကို နူတ်ဆက်ပါတယ် ” ဟုလည်း အနုပညာလောကကို နှုတ်ဆက်သွားသည်။
ယုန်လေးသည် စစ်အာဏာမသိမ်းမီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသည့်အချိန်တွင် စစ်တပ်က ကယ်တင်သည့် ပုံစံ MTV ရိုက်ကူးခြင်းကြောင့် လူထု၏ ပြင်းထန်သည့် ဝေဖန်မှုကို ခံခဲ့ရသူ ဖြစ်သည်။
ထို့ပြင် စစ်တပ်အာဏာသိမ်းပြီးနောက်တွင် အာဏာသိမ်း စစ်တပ်ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံသဖြင့် ပြည်သူများသာမက အနုပညာအသိုင်းအဝိုင်းက လူများကပါ မပေါင်းသင်း မပတ်သတ်ဘဲ ရှောင်ကြသူ တစ်ဦးလည်း ဖြစ်သည်။
စာတည်း-ကိုဆန်း
