ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်းရှိ နယ်မြေရဲစခန်းနှင့် အထိုင်စခန်းတစ်ခုကို PDFတို့ တစ်ပြိုင်နက် ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
စက်တင်ဘာ ၂၇ရက်၊ ည ၁၀နာရီဝန်းကျင်တွင် နတ်တလင်းမြို့နယ်၊ ဒမငယ်ရဲစခန်းနှင့် စစ်တပ်အခြေစိုက်ရာ သစ်ချိုရွာ၊ အထွက်တိုးရုံးကို ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ထံက သိရသည်။
” ဒမငယ်ရဲစခန်းနဲ့ မနီးမဝေးပေါ့လေ။ သစ်ချိုအထိုင်စခန်းပေါ့။ အထွက်တိုးရုံးကြီးတွေ ရှိတယ်ပေါ့လေ။ အဲ့မှာ သူတို့က အထိုင်ချပြီးတော့ ဆန်ဂိုထောင်တွေ သူတို့က ဘာညာထားတယ်။ အဲ့ဒီ သစ်ချို အထွက်တိုးစခန်းကြီးမှာလည်း သူတို့နေတယ်လေ။ အဲ့မှာ သူတို့ စစ်ခွေး၊ ရဲခွေးတွေရှိတယ်ဆိုပြီး ကျနော်တို့ ဝင်တိုက်တာ။ ဝင်တိုက်ပြီး တစ်ခါတည်း ဆက်ပြီး စခန်းပါ ဝင်စီးပစ်လိုက်တာ။ မဝေးဘူးလေ အဲ့နှစ်ခုက။ နှစ်ခုစလုံးဝင်တိုက်ပြီးတော့ သူတို့ထွက်ပြေးကုန်တော့ နှစ်ခုစလုံးမီးရှို့ပစ်တာ။ ညက ” ဟု သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ ဒုတပ်ရင်းမှူး ဦးညီက MPAသို့ နိုဝင်ဘာ၂၈ရက်ည၌ ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်အုပ်စုဘက်က တစ်ဦးသေဆုံးပြီး ကျန်စစ်အုပ်စုဝင်များ တောင်ညိုမြို့သစ်ရဲစခန်းဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။
” သေဆုံးထိခိုက်မှာကျတော့ တစ်ယောက်ပဲထိခိုက်တယ်။ ဆေးရုံမှာကျသွားပြီလို့ သိရတယ်။ စစ်သားလား၊ ရဲလားတော့ မသိဘူး။ တစ်ယောက်ကျသွားတယ်လို့တော့ ဒီ နေ့ခင်းမှာ သတင်းပြန်ကြားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ဒမငယ်ရဲစခန်းနှင့် သစ်ချိုအထိုင်စခန်းနှစ်ခုပေါင်းလျှင် အင်အား ၃၀ ဝန်းကျင်ရှိကြောင်းသိရသည်။
” သူတို့က ပုံမှားရိုက်ပြီး ဟိုစခန်းမှာပြန်အိပ်လိုက်။ သစ်ချိုခြံ ဒီအထွက်တိုးစခန်းမှာ အိပ်လိုက်ပေါ့။ အဲ့လိုမျိုး သူတို့က ပုံမှားရိုက်ရိုက်နေတာပေါ့။ အဲ့နှစ်ခုပေါင်းမှ အင်အား ၃၀ကျော်ကျော် ၃၀ပတ်ဝန်းကျင်ပဲ” ဟု ၎င်းကပြောသည်။
ဒမငယ်ရဲစခန်းနှင့် သစ်ချိုရွာအထိုင်စခန်းသည် မီတာ ၁၀၀၀ သာဝေးကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ အမှတ်၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၂၊ ၄၊ ၆ ၇တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များအထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်အုပ်စုဝင်များ သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
