ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းရွာအနီး တိုက်ပွဲတွင် ကျဆုံးခဲ့သော CDF ရဲဘော် ၄ ဦး၏ ရုပ်အလောင်းကို ပြန်မယူနိုင်သေးကြောင်း သိရသည်။
နိုဝင်ဘာ ၂၆ ရက်၊ နံနက် ၃ နာရီခန့်က တီးတိန်မြို့နယ်၊ သိုင်းငင်းရွာနှင့် ၆ မိုင်ခန့်အကွာ ဇောင်ကောင်ရွာကို စစ်တပ်က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး CDF – CDM Siyin ရဲဘော် ၄ ဦးကျဆုံးခဲ့ကြောင်း CDF – CDM SIYIN ထံက သိရသည်။
” အင်အား ၅၀၀ ကျော်နဲ့ အလစ်အငိုက်ဝင်တိုက်တာပါ။ မိုးလင်းတဲ့အထိသေနတ်သံတွေ၊ လက်နက် ကြီးသံတွေရယ်၊ Y12 လည်းလာကြဲသွားတယ်။ ကလေးမြို့ကနေလည်း လက်နက်ကြီးပစ်ကူ သွားပါ တယ်။သိုင်းငင်းကနေ ရှေ့ကို ဖလမ်းဘက်ကို စစ်တပ်က ဆက်တိုးလာတာ။ ဇောင်ကောင်ရွာက သိုင်းငင်းရွာကနေ ၃ရွာမြောက်ပါ” ဟု CDF – CDM SIYIN၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဒီကေ က MPAသို့ နိုဝင်ဘာ၂၈ရက်ည၌ ပြောသည်။
ကျဆုံးခဲ့သည့် ရဲဘော် ၄ဦး၏ ရုပ်အလောင်းကို စစ်ရေးအခြေအနေကြောင့် နိုဝင်ဘာ ၂၈ရက် အထိ ပြန်လည် ရယူနိုင်ခြင်းမရှိသေးပေ။
” ကျတဲ့ရဲဘော်တွေအထဲ အငယ်ဆုံးတစ်ယောက်က ၁၈ နှစ်ကျော်ပဲရှိပါသေးတယ်။ မနေ့ကနဲ့ ဒီနေ့မှာတော့ တိုက်ပွဲဖြစ်တာမျိုးမရှိဘူး ။ ဒီနေ့တော့ ကလေးမြို့ကနေ လက်နက်ကြီးနဲ့ လှမ်းထုတာတွေရှိပါတယ် ” ဟု ၎င်းကပြောသည်။
ယင်းတိုက်ပွဲအတွင်း စစ်သားများလည်း ထိခိုက်သေဆုံးမှုများရှိသော်လည်း အသေးစိတ်မသိရ သေးပေ။
ဇောင်ကောင်ရွာသည် ကလေး – ဖလမ်းကားလမ်းပိုင်းတွင် တည်ရှိသည်။
နိုဝင်ဘာ ၉ရက်က တီးတိန်မြို့နယ်၊ သိုင်းငင်းရွာကို စစ်တပ်က ပြန်လည်သိမ်းပိုက်ခဲ့ပြီး တီးတိန် – သိုင်းငင်းကားလမ်းပိုင်းကို ထိန်းချုပ်သွားခဲ့သော်လည်း ကလေး – ဖလမ်းကားလမ်းပိုင်းကိုမူ ချင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားဆဲဖြစ်သည်။
