စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကြောင်းပျက် တိုက်ခိုက်ခံရပြီးနောက် ခိုးကြောင်ခိုးဝှက် ထွက်ပြေးသွားကြသဖြင့် ပုပ်ပွနေသော စစ်သားအလောင်းများကို PDF တို့ မီးရှို့သင်္ဂြိုဟ်ပေးနေ ကြောင်း သိရသည်။
နိုဝင်ဘာ၂၃ရက် တိုက်ပွဲတွင် စစ်ကြောင်းပျက် တိုက်ခိုက်ခံရပြီးနောက် ခင်ဦးမြို့နယ်၊မုံလှရွာထဲသို့ ထွက်ပြေးသွားသော စစ်တပ်သည် နိုဝင်ဘာ၂၇ရက် ညနေ၌ ကန့်ဘလူဘက်သို့ PDFတပ်များ မသိအောင် တိုးတိုးတိတ်တိတ် ထွက်ပြေးသွားခြင်းဖြစ်ပြီး နိုဝင်ဘာ၂၈ရက်မှစတင်ကာ နယ်မြေရှင်း လင်းရေးနှင့် စစ်သားအလောင်းများ မီးသင်္ဂြိုဟ်ခြင်းကို PDF တို့က လုပ်ဆောင်နေကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
“အလောင်းတွေက ၆ရက်လောက်ရှိပြီဆိုတော့ ပုပ်ပွပြီး တော်တော်အခြေအနေဆိုးနေပြီဆိုတော့ ရဲဘော်တွေ က ခက်ခက်ခဲခဲ လုပ်နေရတယ်။တာယာကွင်းတွေ၊ဓာတ်ဆီတွေ၊ဒီဇယ်တွေနဲ့ မီးရှို့သင်္ဂြိုဟ်ပေးပေမဲ့ အနံ့ ဘယ်လိုမှ မခံနိုင်ဘူး။ အဓိကက ညှော်နံ့နဲ့ အလောင်းတွေနဲ့အတူ ကျန်ခဲ့တဲ့ ကျည်တွေပေါက်တာ။အဲဒါကြောင့် မြန်မြန်ရှို့ ပြီး မြန်မြန်ထွက်ရတယ်”ဟု ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
နိုဝင်ဘာ၂၈ရက်တွင် စစ်သားအလောင်း ခန့်မှန်း ၂၅လောင်းကျော် တွေ့ခဲ့ပြီး ကျန်အလောင်းများကို ယနေ့(နိုဝင်ဘာ၂၉ရက်)၌ ဆက်လက်လုပ်ဆောင်မည်ဟု သိရသည်။
“မီးသင်္ဂြိုဟ်တဲ့ရဲဘော်တွေဆီက ပြန်ကြားရတာက အလောင်းတွေကို မရေနိုင်ဘူး။အရမ်းနံလို့ လုပ်စရာရှိတာပဲ မြန်မြန်လုပ်ကြရတယ်။ဘယ်သူမှ မခံနိုင်ဘူး”ဟု ခင်ဦးဒေသအခြေစိုက် PDF ရဲ ဘော်တစ်ဦးက ပြောသည်။
စစ်သားများ အခြေစိုက်သွားသည့် မုံလှရွာထဲသို့ နယ်မြေရှင်းလင်းရေးဝင်ရောက်ခဲ့ရာ ယင်းရွာအ တွင်းရှိ ခရစ်ယာန်ဘုရားရှိခိုကျောင်း ဝတ်ပြုသည့်နေရာအနီး၌ စစ်တပ်ကြဲချခဲ့သည့် ပေါင်၅၀၀ဗုံး ကျရောက်ခဲ့သဖြင့် ပျက်စီးမှုများ တွေ့ရကြောင်း ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိ သူက ဆိုသည်။
“ဗုံးချသွားတာ ကျနော်အမှတ်မမှားဘူးဆိုရင် တိုက်ပွဲဖြစ်ပြီး နောက်ရက် နိုဝင်ဘာ၂၄ရက်ထင်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။
မုံလှရွာအတွင်း စစ်တပ်က မီးရှို့ခဲ့ခြင်းမရှိသော်လည်း ဖျက်ဆီးမွှေနှောက်ထားမှုများရှိကြောင်း သိရ သည်။
နိုဝင်ဘာ၂၃ရက်၊နေ့ခင်း၁၂နာရီခန့်တွင် ခင်ဦးမြို့နယ်၊မုံလှရွာအတွင်း ၄ရက်ကြာ အထိုင်ချပြီးနောက် ပျဉ်ထောင်ပျူရွာသို့ ထွက်လာသည့် စစ်သားနှင့်ပျူစောထီး စုစုပေါင်းအင်အား ၁၈၀ခန့်ကို လမ်းခုလတ်တစ်နေရာ၌ တော်လှန်ရေးတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် အများအပြား သေဆုံးပြီး အလောင်းများချန်ထားကာ ကစဉ့်ကလျားဖြင့် မုံလှရွာထဲသို့ ပြန်ပြေးသွားခဲ့ သည်။
အထိနာခဲ့သော ယင်းစစ်ကြောင်းသည် နိုဝင်ဘာ၂၇ရက်၌ မုံလှ – ပင်စိမ်းကင်း – ကျီစု – အောင်သာယာ – ကာဘိုးလမ်းကြောင်းအတိုင်း ခိုးကြောင်ခိုးဝှက် ထွက်ပြေးသွားခဲ့ကြောင်း ခင်ဦးမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
