ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ကြောင်ဖိုရွာ ကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီးနောက် AAဌာနချုပ်ကို ဗုံးကြဲဟူ၍ စစ်လော်ဘီများ သတင်းအမှား ဖြန့်ဝေထားသည်။
စစ်တပ်လော်ဘီ “Truth Media” တယ်လီဂရမ် ချန်နယ်က ၂၀၂၅ နိုဝင်ဘာ ၂၉ရက် နံနက်ပိုင်းတွင် ကျောက်တော်ကြောင်ဖိုAAဌာနချုပ်ဗုံးကြဲသုတ်သင်ခံရမှုAA၆ဦးသေAA၁၃ဦးထိခိုက်တိုပြတ်ဒဏ်ရာရဟုဆို”ဟု ရေးသား၍ ဗုံးကြဲခံထားရသော အဆောကိအဦးဓာတ်ပုံနှင့် အတူသတင်းအမှားဖြန့်ဝေထားသည်။
သတင်းအမှားလင့်ခ် – https://archive.ph/dhkyu
စစ်လော်ဘီချန်နယ်က ဖြန့်ဝေထားသော သတင်းကို အချက်အလက်စစ်ဆေးရာ ဖြစ်စဉ်အမှန်ကို ပုံဖျက်ထားသော သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
သက်သေပြချက်
ဗုံးကြဲခံရသော သတင်းဓာတ်ပုံတွင် ABN လိုဂို တွေ့ရှိရသဖြင့် ရှာဖွေကြည့်ရာ Arakan Bay Nwesသတင်းမီဒီယာဖြစ်ကြောင်း တွေ့ရှိရသည်။
ABN သတင်းမီဒီယာတွင် နိုဝင်ဘာ ၂၈ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကြောင်ဖိုကျေးရွာကို စစ်ကော်မရှင်လေတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကြောင်ဖိုကျေးရွာ နေ ကလေးငယ်တစ်ဦးအပါအဝင်၊ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၄ ဦး သေဆုံးခဲ့ရပြီး၊ ကလေးငယ် ၈ဦး၊ အမျိုးသား ၂ဦးနှင့် အမျိုးသမီး ၃ ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိ ကြောင်း AB News မှ ကွင်းဆင်းစုံစမ်းချက်အရ သိရဟု ရေးသားထားသည်။
သတင်းလင့်ခ် – https://bitly.cx/qbUm9
ထပ်မံအတည်ပြုနိုင်ရန် Google၌ “ ရခိုင် ကျောက်တော်မြို့နယ် ကြောင်ဖြူရွာ ဗုံးကြဲခံရမှု”ဟု ရေးသားရှာဖွေရာ စိတ်ချယုံကြည်ရသော သတင်းမီဒီယာများက သတင်းရေးထားသည်။
သတင်းများတွင် စစ်ကော်မရှင်လေတပ်က ကျောက်တော်မြို့နယ်ရှိ ကြောင်ဖိုကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ကြဲချပစ်ခတ် ခဲ့သည့် ပေါင် ၅၀၀ ဗုံး တစ်လုံးသည် ရွာလယ် လမ်းခွဆုံ၌ ကျရောက်ပေါက်ကွဲခဲ့ကာ လူနေအိမ် ၄ လုံး ထိခိုက်ပျက်စီးကြောင်း၊ ဗုံးကြဲခံရမှုအတွင်း အရပ်သား ခြောက် ဦး သေဆုံးပြီး၊ ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ထိခိုက်သေဆုံးသူများထဲတွင် မူကြိုကျောင်းနေ ကလေးများပါဝင် ကြောင်း ရေးသားထားသည်။
DMG – https://bitly.cx/Y52j
Myanmar Now – https://bitly.cx/nJ7RU
Mizziam – https://bitly.cx/dC3Xh
သုံးသပ်ချက်
သတင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ ကျောက်တော်မြို့နယ် ကြောင်ဖို့ရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သားပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။
စစ်တပ်သည် ပြည်သူနေထိုင်ရာ ရွာပေါ်သို့ ဗုံးကြဲခြင်းဖြစ်ကြောင်း သိရပြီး AAဌာနချုပ်ဟူ၍ သတင်းဖော်ပြထားခြင်း မတွေ့ရပေ။
ထို့ကြောင့် စစ်တပ်လော်ဘီများက “AAဌာနချုပ်ကို ဗုံးကြဲ”ဟု ရေးသားဖြန့်ဝေနေခြင်းသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
