မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ညောင်ရွာမှ စစ်ရှောင်အမျိုးသားတစ်ဦးကို စစ်တပ်က ရက်စက်စွာသတ်ဖြတ်ခဲ့ ကြောင်း သိရသည်။
နိုဝင်ဘာ ၂၈ရက်၊ မွန်းလွဲပိုင်းက မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာမှ အင်အား ၃၀၀ခန့်ဖြင့် ထွက်လာသော စစ်ကြောင်းသည် မြေရင့်ရွာနှင့် နှမ်းဆီကန်ရွာကြားရှိ တောထဲတွင် စစ်ရှောင်အမျိုးသားကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်မြို့နယ်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
” ၂၇ရက်နေ့က စစ်ရှောင်ရင်း စက်မှု ၂ က ထွက်လာတဲ့စစ်ကြောင်းနဲ့တွေ့ပြီး သရက်ကန်ပျူရွာထဲကို ခေါ်သွားကြတာ။ မနေ့က စစ်ကြောင်းက ပျူရွာက ပြန်အထွက် လမ်းမှာ သတ်သွားကြတာ။ လည်ပင်းကို လှီးပြီး သတ်သွားတာ။ ဗိုက်မှာလည်း ဓားနဲ့ ထိုးသွင်းဒဏ်ရာ ၂ချက်တွေ့ပါတယ် ” ဟု ၎င်းက MPA ကို ပြောသည်။
သတ်ဖြတ်ခံရသည့် အမျိုးသားသည် မြိုင်မြို့နယ်၊ ညောင်ရွာသား ကိုသိန်း( ၃၃ နှစ်)ဖြစ်သည်။
” စစ်ကြောင်းက မနေ့ညနေကပဲ ပခုက္ကူနယ်ထဲရောက်သွားပြီဗျ။ ပြီးတော့ ငသိန်း(ကိုသိန်း)ရဲ့အ လောင်း ကို တွေ့တဲ့ တစ်မိုင်ဝန်းကျင်လောက်မှာ ပခုက္ကူနယ် အောင်သာပျူရွာသားတစ်ယောက် ရဲ့အလောင်းကို တွေ့ရတယ်။ စစ်ကြောင်းကပဲသတ်သွားတာလား ဘာလဲတော့ သေချာမသိရဘူးဗျ ” ဟု ၎င်းကဆက်လက်ပြောသည်။
မြိုင်မြို့နယ်အတွင်း စစ်ကြောင်းပတ်ထိုးနေသော ယင်းစစ်တပ်ကို နိုဝင်ဘာ ၂၆ရက်၌ အညာမြေတပ်ပေါင်းစုက ဝက်ပုတ်ရွာနှင့် ဆိပ်သာရွာကြား မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
