ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဘန်းဘင်မြို့နယ်ရှိ ဖော့စက်ရုံတစ်ခုတွင် ဂုံနီအိတ်ကို လှမ်းဆွဲရာမှတဆင့် ကြိတ်စက်ထဲလက်ပါသွားကာ ပွဲချင်းပြီး သေဆုံးခဲ့ရသည့် မြန်မာလုပ်သား ကိုသက်ဇော်၏ မိသားစုအတွက် နစ်နာကြေး စုစုပေါင်း ဘတ် ၁၅ သိန်း ၈ သောင်းကျော် ရရှိခဲ့ကြောင်း အလုပ်သမားကူညီရေးအဖွဲ့ WAG (Worker Alliance Group) ထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်၊ ည (၁၀) နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်း ဇာတိဖြစ်သူ အသက် (၂၄) နှစ်အရွယ် ကိုသက်ဇော်သည် ဖော့ကြိတ်စက်တွင် တာဝန်ထမ်းဆောင်နေစဉ် စက်ထဲသို့ ဂုံနီအိတ်အဖြူတစ်လုံး ပါသွားသည်ကို တွေ့ရှိခဲ့ပြီးနောက် ယင်းအိတ်ကို ပြန်လည်ဆွဲယူရန် ကြိုးစားရာမှ ၎င်း၏လက်ကို စက်က ဆွဲယူသွားခဲ့ပြီး အရှိန်မထိန်းနိုင်ဘဲ လူတစ်ကိုယ်လုံး စက်ထဲသို့ လိုက်ပါသွားကာ အခင်းဖြစ်ပွားရာနေရာ၌ပင် အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ထိုင်းအာဏာပိုင် အဖွဲ့စုံနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကာ မှတ်တမ်းတင်ခဲ့ပြီး WAG အဖွဲ့မှ ကြားဝင်၍ နစ်နာသူအလုပ်သမား၏ မိသားစုအတွက် အကျိုးခံစားခွင့်များရရှိရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ညှိနှိုင်းချက်များအရ လူမှုဖူလုံရေး (ပကန်စခွန်) ဥပဒေအရ ခံစားခွင့်ရှိသော နစ်နာကြေး ၁,၀၈၀,၀၀၀ (တစ်ဆယ်သိန်း ရှစ်သောင်း) ဘတ်၊ စက်ရုံဘက်မှ စာနာထောက်ပံ့ကြေးနှင့် မီးသင်္ဂြိုဟ်စရိတ် အပါအဝင် ၅၀၀,၀၀၀ (ငါးသိန်း) ဘတ်၊ စုစုပေါင်း နစ်နာကြေးပမာဏမှာ ၁,၅၈၀,၀၀၀ (တစ်ဆယ့်ငါးသိန်း ရှစ်သောင်း) ဘတ် ဖြစ်သည်။
ထိုင်းနိုင်ငံသည် စက်မှုလုပ်ငန်းများတွင် ရွှေ့ပြောင်းလုပ်သားများကို အဓိကအားထားနေရသော်လည်း ယခုလို လုပ်ငန်းခွင်မတော်တဆမှုများမှာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။ အထူးသဖြင့် စက်မှုဇုန်များထူတပ်သော ချွန်ဘူရီ၊ ရယောင်းနှင့် စမွတ်စခွန်ကဲ့သို့သော ခရိုင်ကြီးများတွင် စက်ရုံအလုပ်ရုံများ များပြားသည်နှင့်အမျှ လုပ်ငန်းခွင် မတော်တဆမှုနှုန်းလည်း မြင့်မားလျက်ရှိသည်။
ဘာသာစကား အခက်အခဲ၊ ဘေးကင်းရေးဆိုင်ရာ သင်တန်းများ လုံလောက်စွာ မရရှိမှုနှင့် လုပ်ငန်းခွင် သတိမေ့ပေါ့လျော့မှုများကြောင့် မြန်မာလုပ်သားအများစုမှာ ထိခိုက်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ ထို့အပြင် လုပ်သားအများစုသည် ဥပဒေအကာအကွယ် ရယူရန်နှင့် လျော်ကြေးတောင်းခံရန် နားလည်မှုအားနည်းခြင်းတို့ကြောင့် နစ်နာမှုများလည်း ရှိနေသည်။
ယခုဖြစ်စဉ်တွင် နစ်နာကြေးရရှိမှုနှင့် ပတ်သက်၍ WAG အဖွဲ့မှ ကိုမုန်တိုင်းက MPA ကို ယခုလို ရှင်းပြသည်။
“စက်ရုံတိုင်း၊ စက်ရုံတိုင်းကတော့ ဒီလိုအပိုကြေး ပေးတာမရှိပါဘူး။ ဒီစက်ရုံကတော့ အလုပ်သမားကို စာနာထောက်ထားတဲ့အနေနဲ့ ဘတ် ၄ သိန်းခွဲ ထုတ်ပေးတယ်။ နောက်ပြီးတော့ မီးသင်္ဂြိုဟ်စရိတ် ၅ သောင်းကိုလည်း အလုပ်သမားဘက်ကိုပဲ ပေးတယ်။ စုစုပေါင်း စက်ရုံကပေးတာ ဘတ် ၅ သိန်းနီးပါး ဖြစ်သွားတယ်။ ပကန်စခွန် (လူမှုဖူလုံရေး) ကြေးကတော့ ဥပဒေအရ ရမယ်ဆိုတာ သေချာပေမဲ့ စက်ရုံဘက်က စာနာကြေး ဘယ်လောက်ပေးမလဲဆိုတာ ညှိနှိုင်းနေရလို့ အခုမှ ပြီးပြတ်သွားတာပါ” ဟု ၎င်းက ဆိုသည်။
သေဆုံးသူ ကိုသက်ဇော်၏ ရုပ်အလောင်းကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က မီးသင်္ဂြိုဟ်ခဲ့ပြီး လက်ရှိတွင် စက်ရုံမှပေးအပ်သော ငွေသား ဘတ်ငါးသိန်းနီးပါးကို မိသားစုမှန်ကန်ကြောင်း စိစစ်ပြီးနောက် ထိုင်းနိုင်ငံရောက် ကိုသက်ဇော်၏ ညီဖြစ်သူက လက်ခံရယူမည်ဟု စုံစမ်းသိရှိရသည်။ ကျန်ရှိသော လူမှုဖူလုံရေး (ပကန်စခွန်) လျော်ကြေးငွေ ၁၀ သိန်းကျော်ကိုမူ ဥပဒေလုပ်ထုံးလုပ်နည်းအရ မြန်မာနိုင်ငံရှိ မိခင်ဖြစ်သူ ကိုယ်တိုင် ထုတ်ယူခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။
ဤဖြစ်ရပ်နှင့် ပတ်သက်၍ ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးကလည်း “လူတစ်ယောက်လုံး သေဆုံးသွားတာ ပိုက်ဆံနဲ့ မလဲနိုင်ပေမဲ့ အခုလို ဥပဒေအရ၊ ရပိုင်ခွင့်တွေအရ ကူညီဆောင်ရွက်ပေးတဲ့ အဖွဲ့ရှိနေတာကပဲ တိုင်းတပါးမှာ မျက်နှာငယ်ရတဲ့ မြန်မာလုပ်သားတွေအတွက် မျှော်လင့်ချက် အလင်းသေးသေး တပွင့်လို ဖြစ်နေပါပြီ” ဟု ဝမ်းနည်းစွာ မှတ်ချက်ပြုသည်။
