မြန်မ့ာစပါးအုံးမြွေများကို သတ်စားရန်အပြင် ရောင်းဝယ်မှုများ တောရိုင်းတိရိစ္ဆာန်ဈေးကွက်၌ ပိုမိုတွင်ကျယ်လာကြောင်း သိရသည်။
စပါးအုံးမြွေများသည် အဆိပ်မရှိသည့်မြွေမျိုးစိတ် ဖြစ်သည့်အပြင် လှုပ်ရှားမှုနှေးကွေးသဖြင့် အလွယ်တကူ ဖမ်းယူကာ ရောင်းဝယ်မှုများ ပြုလုပ်နေကြကြောင်း သိရသည်။
” အရွယ်ရောက်လာလေလေ လှုပ်ရှားမှုတွေဟာ နှေးကွေးလာလေလေ ဖြစ်တဲ့အတွက် လွယ်ကူစွာပဲ ဖမ်းယူလို့ရတာကြောင့် အလွယ်တကူပဲ ရောင်းဝယ်ဖောက်ကားမှုများပြုလုပ်ကြပါတယ်။ မြန်မာလူမျိုးတို့ရဲ့ သနားတတ်တဲ့စိတ်အရိုးခံကို ခုတုံးလုပ်ပြီး စီးပွားရေးလုပ်တယ်ဆိုလည်း မမှားပါဘူး ” ဟု Native Species Conversation & Identification (NSCI)အဖွဲ့က ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ရက်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စပါးအုံးမြွေ တစ်ကောင်ကို မြန်မာ ငွေ တစ်သိန်းကျပ်နှုန်းဖြင့် ရောင်းချနေခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာ၌ ပျံ့နှံ့ခဲ့သည်။
စပါးအုံးမြွေမျိုးစိတ်များကို မြန်မာနိုင်ငံ အပါအဝင် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် တွေ့ရှိရပြီး တိုင်းရင်းဆေးများတွင် အသုံးပြုရန် အများဆုံးဖမ်းဆီးခံရကာ အစားအစာအတွက် သတ်ဖြတ်ခံရခြင်းများလည်း ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ စပါးအုံးမြွေများသည် ဖမ်းဆီးကာ ရောင်းဝယ်ခံရမှုများအပြင် လွဲမှားသည့် ဘာသာရေးအယူအဆများကြောင့် ချုပ်နှောင်ခံရမှု ပိုမိုများပြားလာကြောင်းလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူများက ဆိုသည်။
” မြွေက သူ့ဘာသူ ကျက်စားရင်း ဘုရားဝန်းအတွင်းကို ရောက်လာရင် ဘာသာရေးအယူအဆအရဆို ဘုရားဖူးလာတာပဲဆိုပြီး ဖမ်းကြတယ်။ ပြီးရင် နွားနို့တွေ၊ ကြက်ဥတွေ တိုက်၊ မြွေတွေက ဘယ်မှ မသွားရ၊ မလှုပ်ရှားရတော့ လှောင်အိမ်ထဲမှာပဲ အဆီပိတ်တာ၊ စိတ်ဓာတ်ကျပြီး သေတာတွေ ဖြစ်တယ်။ ဒီလို တလွဲအယူအဆတွေက တောရိုင်းတိရစ္ဆာန်လေးတွေ မသေဆုံးသင့်ဘဲ သေဆုံးရတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ပညာပေးမှုတွေကို ကျတော်တို့က အလေးထားပြီးဆောင်ရွက်မှကိုရမှာပါ ” ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်သူတစ်ဦးကပြောသည်။
မြွေများသည် ဂေစနစ်တွင် အရေးပါသည့်မျိုးစိတ်တစ်ခုဖြစ်ပြီး ၎င်းတို့မရှိပါက နောက်ဆက်တွဲအနေဖြင့် ပလိပ်ရောဂါကဲ့သို့ ကူးစက်ရောဂါများ ဖြစ်ပွားနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်သူတစ်ဦးက ပြောသည်။
” မြန်မာနိုင်ငံမှာရှိတဲ့ လူတော်တော်များများက မြွေမျိုးစိတ်ကို သေသေချာချာမသိဘူး။ မြွေတွေ့ရင် ကြောက်ကြတာရော၊ ဘာမြွေဖြစ်ဖြစ် အားလုံး အဆိပ်ရှိတယ်ထင်ပြီး သတ်လိုက်တာပေါ့၊ ဒီနောက်ပိုင်းမှာ မြို့ပြမှာ လူနေမှုတွေလည်းထူထပ်လာတော့ မြွေတွေရဲ့စားကျက်မြေတွေ ရှားပါးလာပြီး မကြာခဏတွေ့ရတာမျိုးတွေ ရှိတယ်။ အဲဒီအခါမှာ သတ်တာမျိုး မဟုတ်ဘဲ ဘာအမျိုးအစားလည်းဆိုတာ သိအောင်ကြိုးစားပြီးမှ အန္တရာယ်ရှိတယ်ဆိုရင် မြွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့သူ တွေကို ခေါ်တာမျိုး လုပ်သင့်ပါတယ် ” ဟု ၎င်းက ပြောသည်။
ကမ္ဘာပေါ်တွင် မြွေအမျိုးစိတ်ပေါင်း ၂၇၀၀ခန့်ရှိသည့်အနက် မြန်မာနိုင်ငံတွင် မြွေမျိုးစိတ်ပေါင်း ၆၆ မျိုးရှိပြီး ခန့်မှန်းခြေအားဖြင့် မျိုးစိတ်ပေါင်း ၁၉၅မျိုး ကျက်စားလျက်ရှိကာယင်းတို့အနက် မျိုးစိတ် ၅၀ခန့်သည် အဆိပ်ပြင်းမြွေဆိုးများဖြစ်ကြောင်း သိရသည်။
သက်ရှိတိုင်းသည် သဘာဝဂေဟစနစ်၌ သူ့နည်းသူ့ဟန်ဖြင့် အရေးပါစွာတည်ရှိသဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်သင့်ဘဲ မိမိတို့ပတ်ဝန်းကျင်တွင် စပါးအုံးမြွေများကို တွေ့ရှိပါက ကျွမ်းကျင်သူများကိုသာ ဆက်သွယ်ခေါ်ယူသင့်ကြောင်း NSCI အဖွဲ့က တိုက်တွန်းထားသည်။
