ရန်ကုန်မြို့တွင် အရက်မူးပြီး စကားများရန်ဖြစ်စဉ် ပြည်ခိုင်ဖြိုးပါတီ၏ဆိုင်းဘုတ်ကို ဖိနပ်ဖြင့်ပေါက်မိရာ နှစ်ဦးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ရက်၊ ည ၉နာရီဝန်းကျင်က ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးဦးမြငါးစင်ရပ်ကွက်တွင် အရက်မူးပြီး ရန်ဖြစ်ရာမှ ဖိနပ်ဖြင့် ပေါက်မိပြီး ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်ပြဲသွားသဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြာင်း သိရသည်။
” အရက်အမူးသမား ၂ ဦး ခိုက်ရန်ဖြစ်ရင်း ဖိနပ်နဲ့ပစ်ပေါက်မိတာကြောင့် အဲ့ဒီအနီးမှာထောင်ထားတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ် ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့တာ၊ ဆိုင်းဘုတ်ဖျက်ဆီးသူတွေကို သက်ဆိုင်ရာက ဖမ်းဆီးရမိထားပြီး ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၄ က နဲ့ အမှုဖွင့်လှစ်ထားတယ် ” ဟု စစ်ကော်မရှင်၏ ဝါဒဖြန့်ချန်နယ်များတွင် ဖော်ပြထားသည်။
စစ်ကော်မရှင်၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီသည် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို နှောင့်ယှက်သူများကို ၎င်းတို့၏ ရွေးကောက်ပွဲဆိုင်ရာဥပဒေအရ ဖမ်းဆီးမှုများပြုလုပ်နေပြီး ယနေ့နိုဝင်ဘာလ ၂၉ရက်အထိ အရေးယူမှု ၉၀နီးပါးအထိ ပြုလုပ်ထားကြောင်း သိရသည်။
ရွေးကောက်ပွဲအပေါ် ဝေဖန်ပြောဆိုသူများကို အရေးယူရန် ပါတီစုံ အထွေထွေရွေး ကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဟုခေါ် သည့် ဉပဒေကို ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်တွင် ပြဌာန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဥပဒေတွင် စစ်ကော်မရှင်ရွေးကောက်ပွဲ ပျက်ပြားစေရန် ပြောဆိုသူများကို ထောင်ဒဏ်၊ ငွေဒဏ် များ ချမှတ်ရန်ပြဌာန်းထားပြီး လူသေဆုံးမှုဖြစ်စေပါက သေဒဏ်အထိ ချမှတ်ရန် ရေးဆွဲထားသည်။
” အတုအယောင် ရွေးကောက်ပွဲဆိုတာ ဘာကို ကြည့်ရင် သိနိုင်လဲဆို၊ စစ်တပ်က သူတို့ရွေးကောက်ပွဲကို ပြုလုပ်ချင်တဲ့အတွက် ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ပါးစပ်က မချဘူး၊ ပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဝေဖန်သူမှန်သမျှဖမ်းဆီးနေတော့ လွတ်လပ်စွာ ပြောဆိုခွင့်တောင် မရှိဘူးလေ၊ ရွေးကောက်ပွဲက သူတို့ရဲ့ ထွက်ပေါက်ဖြစ်တဲ့အတွက် စစ်တပ်ကတော့ မဖြစ်ဖြစ်အောင် လုပ်မှာဘဲ ” ဟု နိုင်ငံရေးစောင့်ကြည့်လေ့လာသူတစ်ဦးကပြောသည်။
ပြည်ခိုင်ဖြိုးပါတီသည် ရန်ကုန်တိုင်းအတွင်းရှိ ၎င်းတို့၏ မဲဆွယ်စည်းရုံးပွဲများ၊ ဆိုင်းဘုတ်ဖွင့်ပွဲများကို စစ်တပ်ကို ထောက်ခံသည့် သရုပ်ဆောင်များဖြင့် မကြာခဏ ကျင်းပလျက်ရှိသည်။
” ပြည်ခိုင်ဖြိုးသည် တပ်မတော်က လာတဲ့ အဖွဲ့အစည်းက လူတွေချည်းပဲ၊ တပ်မတော်သာ မကာကွယ်ရင် အခုချိန် လူတွေဘဝပျက်ကုန်ပြီ၊ ကျတော်က စစ်သားသားသမီးလေ။ ယူနီဖောင်းမြင်ရင်ချစ်တယ်လေ။ ဆဲတဲ့ကောင်တွေ သေပေါ့။ သေကြပေါ့ ” ဟု စစ်တပ်ထောက်ခံသူ သရုပ်ဆောင်နေအောင်က ပြောခဲ့သေးသည်။
အီးယူအဖွဲ့ဝင် ၂၇နိုင်ငံ၏ လွှတ်တော် ဥရောပပါလီမန်က စစ်ကော်မရှင်ရွေး ကောက်ပွဲကို တရားမဝင်ရွေးကောက်ပွဲဟု သတ်မှတ်ခဲ့ရုံတင်မက ယင်းရွေးကောက်ပွဲသည် နိုင်ငံတ ကာအသိအမှတ်ပြုရယူရန် ကြိုးပမ်းခြင်းဖြစ်ကြောင်းနှင့် တရားမဝင်ရွေးကောက်ပွဲရလဒ်များကိုလည်း ရှုတ်ချကြောင်း ပြီးခဲ့သည့် နိုဝင်ဘာ၂၇ရက်တွင် ထုတ်ပြန်ထားသည်။
အကြောက်တရားနှင့်ဖိနှိပ်မှုများအောက်တွင် ပြုလုပ်သည့် မည်သည့်ရွေးကေက်ပွဲမဆိုကို လွတ်လပ်မျှတသည့် ရွေးကောက်ပွဲအဖြစ် မသတ်မှတ်နိုင်ကြောင်းလည်း ဥရောပပါလီမန်ကဆိုပြီး စစ်တပ်အနေဖြင့် ၂၀၂၀ရွေးကောက်ပွဲရလဒ်ကို အပြည့်အဝ လိုက်နာပြီး အရပ်သားအစိုးရကို ချက်ချင်းအာဏာပြန်အပ်ရန်နှင့် မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့မှုပိတ်ဆို့ရေးကို လုံခြုံရေးကောင်စီအနေနှင့် အမြန်ဆုံးချမှတ်ရန်တောင်းဆိုထားသည်။
