စစ်ကော်မရှင်က စီစဉ်နေသည့် ရွေးကောက်ပွဲကို ကမ္ဘာတစ်ဝန်းမှ နိုင်ငံ ၉ နိုင်ငံ မှ ဥပဒေပြုလွှတ်တော်အမတ် ၁၆၃ ဦး တို့က ပူးပေါင်းပြီး ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ယင်းရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ငြင်းပယ်ရန် တိုက်တွန်းသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။
အဆိုပါ “အတုအယောင် မြန်မာရွေးကောက်ပွဲအတွက် လွှတ်တော်အမတ်များ၏ အိတ်ဖွင့်ပေးစာ” ဟု အမည်ပေးထားသော ပေးစာပါ အဓိကအချက်အလက်များသည် ‘လုံးဝအတုအယောင် (Sham Election)’ နှင့် ‘တရားဝင်မှု (Legitimacy) လုံးဝမရှိ’ ဟု ဖော်ပြထားသည်။
ထို့ပြင် မြန်မာပြည်သူများအပေါ် စစ်ဆင်နွှဲနေသော ‘တရားမဝင် စစ်တပ်ကို ပြန်လည်ပုံဖော်ရန်နှင့် ၎င်းတို့၏ အာဏာရှင်အုပ်ချုပ်မှုကို ခိုင်မာစေရန် (Entrench authoritarian rule) ကြိုးပမ်းမှုသက်သက်သာ ဖြစ်ကြောင်း ပြတ်ပြတ်သားသား ရှုတ်ချထားသည်။
“နိုင်ငံတကာအစိုးရတွေ အမတ်တွေကတော့ စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချနေတယ်။ အဲ့ဒါကို အခွင့်အရေးအဖြစ် တော်လှန်ရေးအဖွဲ့တွေက သေချာ အမိဖမ်းနိုင်ရမယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။
နိုင်ငံတကာ လွှတ်တော်အမတ်များ၏ သုံးသပ်ချက်အရ လက်ရှိ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ခု ကျင်းပနိုင်ရန် လိုအပ်သော အခြေအနေများ မရှိသေးပေ။
“အတိုက်အခံ နိုင်ငံရေးသမားတွေကို ဖမ်းဆီးထိန်းသိမ်းတာ၊ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းပြီးတော့ ရာဇဝတ်မှုတွေနဲ့ ပြည်သူတွေကို အကြောင်းတရားတွေ ဖန်တီးထားတဲ့ အတုအယောင်ရွေးကောက်ပွဲက ပြည်သူ့ ဆန္ဒအစစ်ကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာနိုင်စရာမရှိဘူး” ဟု နိုင်ငံရေး သိပ္ပံလေ့လာနေသည့် လူငယ်တစ်ဦးက မှတ်ချက်ပြုသည်။
ထို့ပြင် နိုင်ငံတကာ လွှတ်တော်အမတ်များ၏ သတိပေးချက်အရ၊ စစ်တပ်က ရွေးကောက်ပွဲမတိုင်မီ လေကြောင်းတိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည့်အတွက် ရွေးကောက်ပွဲအပြီးတွင်လည်း မြန်မာနိုင်ငံသည် တည်ငြိမ်အေးချမ်းမှာ မဟုတ်ဘဲ၊ အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုတွေသာ ပိုမိုများပြားလာပြီး ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေလိမ့်မယ် ဟုဆိုသည်။
ထို့ကြောင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံများအားလုံးက စစ်တပ်၏ ရွေးကောက်ပွဲကို ‘လုံးဝ လက်မခံဘဲ ငြင်းပယ်ရန် (Unequivocally Reject)၊ မည်သည့်နိုင်ငံ၊ အဖွဲ့အစည်းမှ စစ်တပ်၏ ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာသူများ မစေလွှတ်ရန် နှင့် နည်းပညာအရ၊ ပစ္စည်းအရ၊ နိုင်ငံရေးအရ မည်သည့်အထောက်အပံ့မျိုးမှ မပေးရန် နိုင်ငံ ၉ နိုင်ငံ မှ ဥပဒေပြုလွှတ်တော်အမတ် ၁၆၃ ဦး တောင်းဆိုထားသည်။
ယခု အိတ်ဖွင့်ပေးစာကို နယူးဇီလန် ၊ ဂျပန် ၊ ဖီလစ်ပိုင်၊ ထိုင်း၊ မလေးရှား၊ အရှေ့တီမော၊ အင်ဒိုနီးရှား၊ ဩစတြေးလျနှင့် ယူကေနိုင်ငံတို့မှ အမတ် ၁၆၃ဦးလက်မှတ်ရေးထိုးပြီး နိုင်ငံတကာသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။
စာတည်း-ကိုဆန်း
