မိုးကုတ်မြို့သို့ ဝင်လာသည့် စစ်တပ်ကို ကြိုသူမရှိသဖြင့် လော်ဘီတွေ ဒေါသထွက်နေ

စစ်ကော်မရှင်တပ်များက မိုးကုတ်မြို့ကို ပြန်လည်ဝင်ရောက်လာသော်လည်း မြို့ခံလူထုက ပူးပေါင်းပါဝင်ပြီး ကြိုဆိုမှုမရှိခဲ့သည့် အပေါ် စစ်တပ်လော်ဘီတစ်ဦးဖြစ်သည့် ကျော်စွာက မကျေမနပ်ဖြစ်နေပြီး တယ်လီဂရမ်ချန်နယ်၌ လောင်မြိုက်စွာ ရေးသားထားသည်။

“ကြိုဆိုသူ မရှိ ၊ ခြောက်ကပ်နေသောမိုးကုတ်မြို ၊ နီပိတ်မြို ၊ သူပုန်အားပေးမြို၊ သမိုင်းထဲမှာ ကျန်ခဲ့မည့်မြို ၊ မိုးကုတ်ပတ္တမြားမြေ၊ အမှန်ပြောရရင် စောလွန်းတယ်။ သူပုန်အောက်မှာ သိပ်ပျော် နေတဲ့မြို့၊ မြို့ပျက်တဲ့ အထိ သူပုန်အောက်မှာ ထားပေးရမှာ၊ မိုးကုတ်မြို ကိုဘယ်သူတွေဖျက်စီးလည်း မိုးကုတ်က လူတွေ မိုးကုတ်သူ မိုးကုတ်သား တွေပဲ ဖျက်စီးခဲ့တာပါ၊ ” ဟု ကျော်စွာက ရေးသားထာသည်။

လက်ရှိ မိုးကုတ်မြို့ ကြုံတွေ့နေရသော စစ်ရေး၊ နိုင်ငံရေး အခြေအနေများအပေါ် စစ်တပ်ဘက်မှ ထောက်ခံသူတစ်ဦး၏ ပြင်းထန်သော ဒေါသတုံ့ပြန်မှုနှင့် သဘောထားတင်းမာမှု များကို အတိအလင်း ဖော်ပြနေသည်။

ယခုကဲ့သို့ ကျော်စွာ၏ ရေးသားချက်များသည် မိုးကုတ်မြို့ခံများသည် စစ်တပ်ပြန်လည် အုပ်ချုပ်မှုကို မလိုလားမှုအား အသံတိတ် ထုတ်ဖော်ခြင်းဖြစ်သည်ဟု သုံးသပ်မှုများလည်းရှိနေသည်။

“စစ်ရေး နိုင်ငံရေး အခြေအနေတွေကို သေချာနားမလည်ပေမယ့် စစ်တပ် ပြန်အုပ်ချုပ်မှာကိုတော့ မလိုလားဘူး။ တစ်မြို့လုံးက အေးအေးချမ်းချမ်းဖြစ်နေပြီ၊ အခုစစ်တပ် ပြန်ဝင်လာတော့ ဖမ်းဆီးတာတွေ၊ အိမ်တွေ ချိတ်ပိတ်တာတွေလုပ်လာအုန်းမှာ အဲ့ဒါတွေကိုတော့ တွေးပူနေရတယ်” ဟု မိုးကုတ်မြို့ခံ တစ်ဦးက MPA သို့ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ၊ ဇူလိုင်လတုန်းက TNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ မိုးကုတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သော်လည်း ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် မိုးကုတ်မြို့ကို စစ်ကော်မရှင်ထံ ပြန်လည် လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။

စစ်ရေးအရ အရေးပါပြီး စီးပွားရေးအရ အဓိကကျသည့် မိုးကုတ်မြို့မှ ဒေသခံများသည် စစ်တပ်ကို မကြိုဆိုခဲ့သည့်အတွက် စစ်ကော်မရှင်၏ ရန်ရှာမှုများဖြင့် ကြုံတွေ့နိုင်ရကြောင်း ထောက်ပြမှုများလည်းရှိနေသည်။

“စစ်တပ်လော်ဘီ ကျော်စွာကတော့ အတော်ကိုပူလောင်နေတာမြင်ရတယ်။ သူက အခုလို ပြောလာတဲ့အတွက် ဒေသခံတွေ ရန်ရှာခံရမှာကို အတော်စိုးရိမ်ရတယ်။ ဘာဆက်ဖြစ်မလဲဆိုတာကိုတော့စောင့်ကြည့်ရမယ် ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ထောက်ပြသည်။

စစ်ကော်မရှင်က မိုးကုတ်မြို့အတွင်းသို့ ပြန်လည်ဝင်ရောက်လာမှုကြောင့် ငွေကြေးတတ်နိုင်သူအချို့သည် မြို့ကို စွန့်ခွာ တိမ်းရှောင်မှုများလည်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မိုးကုတ်မြို့ခံများသည် TNLA တပ်ဖွဲ့က မြို့ကို စစ်ကော်မရှင်ထံ ပြန်လည် လက်လွှဲခဲ့မှုအပေါ် သံပုံးတီး ဆန္ဒပြမှုများ ပြုလုပ်ခဲ့သေးသည်။

မိုးကုတ်မြို့ခံတစ်ဦးက “စစ်တပ်က ပြန်ဝင်လာပြီဆိုတော့ လူထုကို ပြန်ပြီး ညှဉ်းပန်းနှိပ်စက်တာ မလုပ်ဘူးလို့ မပြောနိုင်ဘူး” ဟု စိုးရိမ်စိတ်ဖြင့် ပြောကြားသည်။

TNLA တပ်ဖွဲ့သည် တရုတ်၏ ကြားဝင်မှုနှင့် လေကြောင်းရန်ကြောင့် မိုးကုတ်မြို့မှ ဆုတ်ခွာရန် သဘောတူခဲ့ရသော်လည်း မြို့အခြေစိုက် တော်လှန်ရေးအင်အားစုများကတော့ မိုးကုတ်မြို့ကို ဆက်လက်ကာကွယ်သွားမည်ဟု ပြောကြားခဲ့သော်လည်း လက်တွေ့တွင်မူ မြို့မှ ဆုတ်ခွာပေးခဲ့ရသည်။

စာတည်း-ကိုဆန်း