မိုးထိရောက် ကုန်စျေးနှုန်းကို အမှီလိုက်နိုင်မည့် လစာနှုန်းထား မရကြသဖြင့် လခစား အလုပ်သမားများ ဆင်းရဲတွင်းထဲ နစ်သည်ထက် နစ်လာ

ဓာတ်ပုံ - MPA
ပုံစာ-အခြေခံလူတန်းစားများသွားလာနေသည့် ရန်ကုန်ဆိပ်ကမ်းတစ်နေရာအားတွေ့ရစဉ်

အထွေထွေ ကုန်စျေးနှုန်းများ အဆမတန် မြင့်မားနေခြင်း​ကို အမှီလိုက်နိုင်မည့် လစာနှုန်းထားများ မရကြသဖြင့် စစ်အာဏာသိမ်း ကာလ ၅ နှစ်အတွင်း အလုပ်သမားများ စီးပွားရေး ကျပ်တည်းမှု ဆိုးသည်ထက် ဆိုးလာပြီး ဆင်းရဲမှုနွံထဲသို့ နစ်သည်ထက် နစ်လာနေကြောင်း နယ်ပယ်စုံမှ အလုပ်သမားများ၏ ပြောဆိုမှုများအရ သိရှိရသည်။

စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဆိုးကျိုး အဖြစ် ငွေကြေးဖောင်းပွမှုများ ဆက်တိုက်မြင့်တက်လာခဲ့ရာ အလုပ်သမားများ အများစု၏ လစာဝင်ငွေများ ငွေတန်ဖိုးကျဆင်းမှုကို လိုက်၍ တန်ဖိုးကျဆင်းသွားခဲ့ရခြင်းဖြစ်သည်။

ငွေတန်ဖိုး ကျလာသဖြင့် အထွေထွေ ကုန်စျေးနှုန်းများ လိုက်ပါ မြင့်တက်လာသော်လည်း အလုပ်သမားများ၏ လစာဝင်ငွေမှာမူ သိသာစွာ တိုး၍ ရခဲ့ခြင်း မရှိကြောင်း နယ်ပယ်စုံမှ အလုပ်သမားများက ပြောသည်။

” အာဏာမသိမ်းမီက အလုပ်မှာ သုံးသိန်းခွဲ ရတယ်။ အခု အလုပ်မှာက ရှစ်သိန်း ရတယ်။ သုံးသိန်းခွဲတုန်းက သုံးရတာ လောက်တယ်။ ရှစ်သိန်းမှာ ခြိုးခြံပြီး နေတာတောင် မလောက်ငဘူး။ မုန့်ဟင်းခါးတစ်ပွဲ ၂၀၀၀ ဖြစ်နေပြီ” ဟု တာမွေမြို့နယ် ကျောက်မြောင်း ရပ်ကွက်နေ အသက် ၂၉ နှစ်အရွယ် ပုဂ္ဂလိက ကုမ္ပဏီ ဝန်ထမ်း အမျိုးသမီး တစ်ဦးက ပြောသည်။

ထို့ပြင် စားသောက်ကုန် စျေးနှုန်းများမှယ စစ်အာဏာသိမ်းမှု ၅နှစ် အတွင်း လေးဆကျော် တက်လာခဲ့ခြင်းဖြစ်သည်။

“စစ်တပ်အာဏာမသိမ်းခင်တုန်းက KFC ကြက်ကြော် တစ်တုံးကို ကျပ် ၇၀၀လောက်သာရှိတာလေ၊ ဒါပေမဲ့အခု တစ်တုံးကို ကျပ် ၅၀၀၀လောက်ဖြစ်လာပြီ” ဟု ရန်ကုန်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

သို့သော် အလုပ်သမားများ အတွက် လစာ ဝင်ငွေ မှာမူ နှစ်ဆပြည့်အောင်ပင် တိုးလာခဲ့ခြင်း မရှိသဖြင့် အသီးအရွက်များ အားပြုကာ ချွေတာစားသောက် နေကြရပြီး ဝယ်ယူနိုင်စွမ်း မရှိခြင်းကြောင့် ငတ်မွတ်ရခြင်းမျိုး မကြုံတွေ့ရစေရန် ရုန်းကန်နေရကြောင်း သိရသည်။

” စျေးသွားရင် ပိုက်ဆံ တစ်သိန်းဆိုတာ ဘာမှ မရတော့ဘူး။ ကြက်သားက ၁၈၀၀၀၊ ၁၉၀၀၀ ဖြစ်နေပြီ ကန်စွန်းရွက်တောင် တစ်ထောင် ရောင်းတဲ့သူက ရောင်းနေပြီ၊ ရတဲ့ လစာနဲ့ အရွက်တွေစား အသားကို ရက်ခြားလေး ဝယ်စား ရောစားပေါ့။ အိမ်ငှားခ တွေက ရှိသေးတယ်လေ” ဟု အသက် ၃၁ နှစ်အရွယ်ရှိ အရောင်းစာရေး အလုပ်လုပ်သူ အမျိုးသမီး တစ်ဦးက ပြောသည်။

ယင်းအပြင် ရန်ကုန်မြို့၌ အိမ်ငှားခများသည် စစ်အာဏာမသိမ်းမီကစျေးနှုန်းဖြင့် နှိုင်းယှဥ်ပါက ယခုအခါ နှစ်ဆခွဲကျော် မြင့်တက်လာခဲ့ပြီး ခြောက်လ တစ်ကြိမ် ဆက်လက် မြင့်တက်နေသည်ကို တွေ့ရသည်။

ခြောက်လတစ်ကြိမ် လစာ မတိုးသည့် အလုပ်သမားများအတွက်မူ အဆိုပါ နေအိမ် တိုက်ခန်း ငှားရမ်းခများ ကြိုတင် စုဆောင်းရာတွင် နှစ်ဝက် တစ်ခါ ဝန်ပို ပိလာရသည့် အခြေအနေမျိုးကို ရင်ဆိုင်နေရသည်ဟု သိရသည်။

” ကျတော်တို့ လစာက ခြောက်လတစ်ခါ မတိုးဘူး။ အိမ်ငှားခကတော့ အရင်ခြောက်လက နှစ်သိန်းနှစ်သောင်း အခု နှစ်သိန်းခွဲ ဖြစ်သွားပြီ။ ကျတော့် လစာရဲ့ သုံးပုံတစ်ပုံကျော်လောက်က အိမ်ငှားခ ဖယ်နေရတယ်။ အရင်တုန်းက တစ်သိန်းနှစ်သောင်း အလွန်ဆုံးလေ” ဟု ရန်ကင်းမြို့နယ်မှ မားကတ်တင်း အလုပ်သမား တစ်ဦးက ပြောသည်။

ထို့ကြောင့် အလုပ်သမား အများအပြားသည် ယခင်က တိုက်ခန်းငှား နေနိုင်သည့် အခြေအနေမှ စျေးပိုသက်သာသည့် အဆောင်များ၊ လိုင်းခန်းများသို့ပြောင်းလဲ ငှားရမ်း နေထိုင်လာကြသည်ကို မျက်မြင်တွေ့ရှိမှုအရ သိရသည်။

ရန်ကုန်မြို့၌ အလုပ်သမား အများစုသည် ပျမ်းမျှလစာ ကျပ် သုံးသိန်းမှ ​ကျပ် ငါးသိန်း ဝန်းကျင်သာ ရကြပြီး ထို့ထက် ပိုနည်းသည့် လစာဖြင့် လုပ်ကိုင်နေရသည့် အလုပ်သမား အများအပြားလည်း ရှိသည်။

လစာ သုံးသိန်းကျပ် အောက်သာရသည့် အလုပ်သမားများအတွက်မူ လစဥ် ဝင်ငွေသည် လမ်းစရိတ်၊ စားစရိတ်၊ နေစရိတ် များကို အလျင်မီရန် စိစစ် ရုန်းကန်းနေကြရပြီး အမှန်တကယ် ထမင်းတစ်နပ်လျှော့စားရခြင်းများ ဖြစ်လာရ​သည်ဟု လစာနိမ့် လခစားအလုပ်သမားများက ပြောကြသည်။

” အလုပ်မပျက်ရဲဘူး။ လစာလေး အဖြတ်ခံရမှာစိုးလို့။ ဖြတ်ခံရရင် ရတာလေးနဲ့ မလောက်တော့ဘူး။ နေမကောင်းလည်း ခွင့်မယူရဲဘူး။ ထမင်းကို မနက်နဲ့ နေ့လည် ပေါင်းစားရတဲ့ ရက်တွေ အများကြီးဘဲ” ဟု အသက် ၆၀ ကျော်အရွယ် ပုဂ္ဂလိက လုံခြုံရေး ဝန်ထမ်း တစ်ဦးက ပြောသည်။

သို့သော် ရတနာပစ္စည်း အရောင်းဆိုင်များ၊ ဖုန်း အရောင်းဆိုင်များသည် ဆက်တိုက် လုပ်ငန်းတိုးချဲ့မှုများ ရှိနေပြီး စီးပွားရေး ပိုမို ဖြစ်ထွန်းလာသည့် လုပ်ငန်းရှင်များကမှု ၄င်းတို့၏ လုပ်ငန်းများ တိုးချဲ့ရန်သာ စိတ်ပါဝင်စားကြပြီး အလုပ်သမားများအတွက် လစာတိုးပေးရန်ကိုမူ မေ့လျော့နေကြသည်ဟု အလုပ်သမားများက ညစ်းညူကြသည်။

” ဆိုင်ခွဲတွေ ဖွင့်တယ်။ ဝန်ထမ်းတွေ ထပ်ခန့်တယ်။ ဒါပေမဲ့ ညီမတို့ လစာတွေက တစ်နှစ်ကို ငါးသောင်းတောင် မတိုးဘူးလေ။ ဒီလိုပဲ လုပ်ကိုင်နေရတာပဲ။ အလုပ်မရှိလို့မှ မဖြစ်တာကိုး” ဟု ဖုန်းအရောင်းဆိုင်တစ်ခုမှ အမျိုးသမီး ဝန်ထမ်းတစ်ဦးက ပြောသည်။

ရန်ကုန်မြို့သည် စစ်အာဏာရှင် လက်အောက်၌ နေထိုင် စားသောက်စရိတ်များ အလွန်အမင်း ကြီးမြင့်လျက် ရှိနေပြီး အခြေခံ လူတန်းစား အလုပ်သမား များသည် စီးပွားရေး ဆိုးရွားစွာ ကျပ်တည်းလာသည်။

အထွေထွေ ကုန်စျေးနှုန်းများ ဆက်လက် မြင့်တက်နေခြင်း နှင့် လစာဝင်ငွေများ မတိုးလာခြင်းသည် အဆိုပါ အခြေခံလူတန်းစား အလုပ်သမားများအား ဆင်းရဲ နွမ်းပါးမှု နွံ့ထဲသို့ ဆွဲခေါ်လျက် ရှိနေကြောင်း ပြည်သူများက ပြောသည်။