မိုးကုတ်မြို့ပြင် တိုက်ပွဲ စစ်ကော်မရှင် အထိနာ၊ ဟောင်ဝှစ်ဇာ အမြောက်များ တပ်ဆင်နေဟုဆို

ဓာတ်ပုံ-လူမူကွန်ရက်

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၏ မြို့ပြင် အရှေ့ပိုင်းနှင့် အနောက်ပိုင်းနေရာများတွင် ယမန်နေ့ညနေပိုင်းမှစ၍ စစ်ကော်မရှင်နှင့် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်ဟု စုံစမ်းသိရှိရသည်။

စစ်ကော်မရှင် စစ်ကြောင်းများက မြို့တွင်းမှ မြို့ပြင်ဘက်သို့ စစ်ကြောင်းထိုး နယ်မြေချဲ့ထွင်လာရာမှ တိုက်ပွဲများ စတင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ ညနေပိုင်းက မိုးကုတ်မြို့ အနောက်ပိုင်း ဘောလုံးကြီးရွာအနီးတွင် ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က အင်အား ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း ကနဦးသတင်းများ ထွက်ပေါ်နေသော်လည်း MPA အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ထိတွေ့မှုက မြို့ပြင် အရှေ့ရော အနောက်ရော ဖြစ်နေတာ။ စစ်တပ်က မြို့ပြင်ဘက်ကို စစ်ကြောင်းတွေ ထိုးထွက်လာလို့ တိုက်ပွဲတွေ ဖြစ်ရတာပါ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြု ပြောကြားသည်။

လက်ရှိတွင် မိုးကုတ်အနောက်ပိုင်း ဘောလုံးကြီးကျေးရွာဘက်တွင်သာမက အရှေ့ပိုင်းရှိ ချောင်းကြီး၊ ကျောက်ဝါ၊ ပြောင်ခေါင်းနှင့် စက်အင်းပြန့် ဒေသများတွင်ပါ နှစ်ဘက်ပစ်ခတ်မှုများ ဖြစ်ပွားနေသည်ဟုဆိုသည်။

ထို့အပြင် စစ်ကော်မရှင်တပ်သည် မြို့တွင်းလုံခြုံရေးနှင့် စစ်ဆင်ရေးအတွက် နေရာအများအပြားတွင် လက်နက်ကြီးများ တပ်ဆင်စမ်းသပ်လျက်ရှိသည်ဟု စုံစမ်းသိရှိရသည်။

“အထူးသဖြင့်တော့ ကျောင်းတွေ၊ ဆေးရုံတွေမှာ တပ်စွဲပြီး အုန်းကိုင်း၊ ပန်းမထိပ် ဗျူဟာကုန်းတွေမှာ အများဆုံး တပ်ဆင်နေတယ်လို့လည်း သိထားရပါတယ်”ဟု ဒေသခံတစ်ဦးက MPA ကို ပြောသည်။

ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမှုနှင့် စစ်ရေးတင်းမာမှုများကြောင့် မြို့ခံလူထုမှာ စိုးရိမ်ပူပန်လျက်ရှိသည်။

လက်ရှိတွင် ငွေကြေးတတ်နိုင်သူအများစု တိမ်းရှောင်သွားကြပြီးဖြစ်ရာ မြို့ပေါ်၌ လူဦးရေ သုံးပုံတစ်ပုံခန့်သာ ကျန်ရှိတော့သည်။

“ကျန်ရှိနေသူတွေက ငွေကြေးအခက်အခဲကြောင့် ခရီးမသွားနိုင်သူတွေနဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်တယ်”လို့ နောက်ထပ် မိုးကုတ်ဒေသခံတစ်ဦးက MPA ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်ပိုင်းက တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကော်မရှင်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြသည်။

ယင်းသဘောတူညီချက်အရ TNLA က ထိန်းချုပ်ထားသည့် မိုးကုတ်နှင့် မိုးမိတ်မြို့များကို စစ်ကော်မရှင်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရသည်။

ထို့နောက် နိုဝင်ဘာလကုန်ပိုင်းတွင် စစ်ကော်မရှင်တပ်များသည် မြို့တွင်းသို့ အလွယ်တကူ ပြန်လည်ဝင်ရောက် တပ်စွဲနိုင်ခဲ့ပြီးနောက် ယခုကဲ့သို့ မြို့ပြင်ဘက်သို့ပါ စစ်ရေးလှုပ်ရှားမှုများ တိုးချဲ့လာခြင်း ဖြစ်သည်။