စစ်​ရေးတင်းမာ​နေသည့် ကလေးတောင်ပိုင်းတွင် စပါးပေါက်စျေးကြောင့် လုပ်အားခမကာမိဘဲ တောင်သူများအရှုံးပေါ်

ဓာတ်ပုံ-MPA

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ တောင်သူများအနေဖြင့် ယခုနှစ်စပါးပေါက်စျေးကြောင့် လုပ်အားခမကာမိဘဲ အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။

ကလေးတောင်ပိုင်းတွင် ယခင်နှစ်က စပါးတစ်တင်းလျှင် ကျပ်နှစ်သောင်းနှုန်းပေါက်ခဲ့သော်လည်း ယခုနှစ်တွင်မူ စပါးတစ်တင်းလျှင် တစ်သောင်းနှစ်ထောင်ကျပ်နှုန်းသာ ပေါက်သောကြောင့် စပါးစိုက်တောင်သူများ အရှုံးပေါ်နေကြောင်း ကလေးတောင်ပိုင်းထိုမာရွာဒေသခံ အမျိုးသားတစ်ဦးက MPAကိုပြောသည်။

” မြေသြဇာဖိုး၊ လယ်ဆင်းစရိတ်၊ လယ်သိမ်းစရိတ်နဲ့ မကာဘူး အနုတ်ပြနေကြတယ်။ စပါးစျေးမရှိလို့ ဒီဘက်တောင်သူတွေ အကြပ်အတည်းဖြစ်နေကြတယ် ” ဟု ၎င်းကဆိုသည်။

က​လေးတောင်ပိုင်းတွင် စစ်ရေးတင်းမာနေသည့်အခြေအနေများကြောင့် ယခုနှစ်စပါးပေါ်ချိန်တွင် စပါးဝယ်ယူမည့်ကုန်သည်ပွဲစား နည်းပါးလာသည့်နည်းတူ ကလေးမြို့အတွင်းသို့ သယ်ယူစရိတ်ကြီးမြင့်မှုများကြောင့်လည်း တောင်သူများအနေဖြင့် ယခုလိုစျေးကောင်းမရခြင်းဖြစ်ကြောင်း ကလေးတောင်ပိုင်းတွင် စပါးပွဲစားလုပ်ခဲ့ဖူးသူ အမျိုးသားတစ်ဦးက သုံးသပ်သည်။

” မြို့ထဲပွဲရုံတွေအရောက်တော့ တစ်သောင်းရှစ်ထောင် ၊ နှစ်သောင်း လောက်ပေါက်တာထင်တယ်။ နဂါး​ပွက်ရွာလောက်ကနေ မြို့ထဲအရောက် စပါးတစ်တင်းတန်ဆာခက ၅၀၀၀ ပေါက်နေတယ်။ ပေါက်စျေးအတိအကျတော့ မသိနိုင်ဘူး ” ဟု ၎င်းကပြောသည်။

ကလေးမြို့ရှိ စစ်ကော်မရှင်သည် ယခင်ကပိတ်ပင်ထားသော ကလေးမြို့အဝင်-အထွက်ကားလမ်းမကြီးအား ပြီးခဲ့သည့် နိုဝင်ဘာလမှစ၍ ပြန်လည်သွားလာခွင့်ပြုခဲ့ပြီး ဂိတ်ကြေးများကောက်ခံနေကြောင်း သိရသည်။

” ဂိတ်ကြေးကတော့ ပုံမှန်မရှိဘူးထင်တယ်။ တချို့ဖောကားတစ်စီးကို၂သိန်း၊ တချို့၃သိန်းလောက်ပေးကြရတယ်တဲ့” ဟု ကလေးတောင်ပိုင်းဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကော်မရှင်သည် ကလေးတောင်ပိုင်းသို့ အောက်တိုဘာလကုန်ပိုင်းမှစ၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေပြီး ကလေး-ဂန့်ဂေါကားလမ်းမကြီးတလျှောက်ကျေးရွာများအနေဖြင့် စစ်ဘေးရှောင်နေကြရကာ စပါးခင်းများရင့်မှည့်နေသော်လည်း မရိတ်သိမ်းနိုင်သည့် တောင်သူများလည်းရှိနေကြောင်း သိရသည်။

” ခွေးတွေ(စကမ)ရှိတဲ့ ကားလမ်းဝဲယာတွေတော့ မသိမ်းကြရဘူး။ ထောက်ကြံ့ဘက်ဝဲယာကတော့ ပြောပြုပြီးသိမ်းနေကြတယ်။ ရိတ်ခြွေတွေနဲ့အမြန်သိမ်းကြရတာဆိုတော့ သိမ်းစရိတ်ကမလွယ်ဘူး၊ တစ်ဧကကို ၂သိန်းသိမ်းစရိတ်က ” ဟု ကလေးတောင်ပိုင်းစစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကော်မရှင်သည် ကလေး-ဂန့်ဂေါကားလမ်းမပေါ်ရှိ ထောက်ကြံ့၊ ကြာအင်း၊ သာယာကုန်း၊ နတ်ချောင်းနှင့် နတ်မြောင်းရွာများတွင် အထိုင်ချတပ်စွဲထားပြီး ထိုမှတဆင့် ချင်းပြည်နယ်၊ ဖလမ်းမြို့ဘက်သို့ ထိုးနေသည့် စစ်ကြောင်းတစ်ကြောင်းလည်းရှိနေသည်။