ဝက်လက် ညသန်းခေါင် ဗုံးကြဲတိုက်ခိုက်မှု မိသားစုတစ်စုလုံးရော အိမ်ပါ အစပျောက်

ဓာတ်ပုံ - Wetlet Informational Network
ပုံစာ - ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်‌စီးသည့် နေအိမ်တစ်လုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်တပ်က သန်းခေါင်ယံအချိန် ဗုံးကြဲချခဲ့ရာ မိသားစုတစ်စုလုံးရော အိမ်ပါ ပျောက်သွားကြောင်းသိရသည်။

ယနေ့ (ဒီဇင်ဘာ ၂ ရက်) နံနက် ၁၂ နာရီဝန်းကျင်တွင် ဝက်လက်မြို့နယ်၊ နတ်မှော်ဦးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးသီး နှစ်လုံးကြဲချခဲ့ရာ အသက် ၂၅ နှစ် အရွယ် ကိုရှိုင်းကို (၂၅ နှစ်) နှင့် ဇနီး မစုမြတ်လင်း (၂၄ နှစ်)၊ သမီးရွှေပုံစံ (၂ နှစ်)၊ အသက် ၂၁ အရွယ် မောင်မောင်ဝင်း (၂၁ နှစ်) နှင့် ဦးရန်နိုင်ဝင်း (အသက် ၄၀) တို့ သေဆုံးခဲ့ကြောင်းသိရသည်။

” သူတို့ မောင်နှမသားချင်းတွေနဲ့ စုပြီးနေတာဗျ။ အဲ့မှာမှ အိမ်ရောလူရော ပျောက်ထွက်သွားတာဗျာ။ ဖိုက်တာက ဝဲချင်းပြုခြင်းမရှိဘဲ တန်းကိုပစ်သွားတာဗျ။ ကျသွားတာကတော့ တစ်အိမ်တည်းကို တည့်ကျတာဗျာ။ အဲ့အိမ်ကတော့ ပျောက်ထွက်သွားတာပဲဗျာ” ဟု Wetlet Informational Network အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

ယင်းဗုံးကြဲတိုက်ခိုက်မှုတွင် ကလေးငယ်အပါအဝင် ၅ဦးဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရ ကြောင်းသိရသည်။

” ကလေးတစ်ဦးကခေါင်းထိတယ်ဗျာ။ နောက်တစ်ဦးကတော့ မျက်လုံးမှန်တယ်။ မျက်လုံးမှန်တဲ့ကလေးက စိုးရိမ်ရတယ်ဗျ။ အမျိုးသားတစ်ဦးက ပေါင်မှန်တယ်သိတယ်ဗျာ။ ကျန်တဲ့နှစ်ဦးကတော့ ကျနော်မသိရသေးဘူးဗျ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၅လုံးပြိုကျပျက်စီးခဲ့သေးကြောင်း သိရသည်။