ယူကရိန်းအရှေ့ပိုင်းမှ အချက်အခြာကျသည့် ပိုကရော့ဗ်မြို့ကို သိမ်းပိုက်ကြောင်း ရုရှား ကြေညာ

ဓာတ်ပုံ - Reuters
ပုံစာ - ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်တွင် ပိုကရော့ဗ် မြို့မှ ယူကရိန်းစစ်သားတစ်ဦးက ဟောင်ဝစ်ဇာအမြှောက်ဖြင့် ရုရှားတပ်များကို ပစ်ခတ်စဉ်

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှ ပိုကရော့ဗ် မြို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရုရှားက ဒီဇင်လဘာလ ၁ ရက်တွင် ကြေညာလိုက်သည်။

မဟာဗျူဟာမြောက် အချက်အချာကျသော အဆိုပါမြို့ကို ထိန်းချုပ်ရန် လပေါင်းများစွာ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ရုရှားက ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ရုရှားတပ်များက ပိုကရော့ဗ် မြို့ကို သိမ်းပိုက်ရန် တိုက်ခိုက်ရာတွင် ထောင်နှင့်ချီသော ၎င်းတို့၏ စစ်သားများ ထိခိုက် သေဆုံး မှုများရှိခဲ့သည်။

ယူကရိန်းကမူ ရုရှားက ထုတ်ပြန်ချက်ကို ပယ်ချထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်သည် ရုရှားမြို့တော်၌ ပူတင်နှင့် ဒီဇင်ဘာ ၂ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

ထို့အပြင် အမေရိကန်နှင့် ယူကရိန်း အရာရှိကြီးများအကြား အဆင့်မြင့် ဆွေးနွေးပွဲများကို အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်တွင် ပြုလုပ်ရန် စီစဉ်ထားသည်။

ယူကရိန်း၏ သတင်းအမှား တန်ပြန်ရေးဌာန၏ အကြီးအကဲ အန်ဒရီ ကိုဗာလင်ကို က ရုရှားသည် “လာမည့် ရက်သတ္တပတ်များအတွင်း စစ်မျက်နှာတွင် ဖိအားပေးရန် ကြိုးပမ်းမှုများစွာ ပြုလုပ်မည်” ဟု ပြောကြားသည်။

ရုရှားစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဂရာစီမော့ဗ်သည် နိုဝင်ဘာ ၃၀ ရက်က စစ်ဘက်ကွပ်ကဲရေးစခန်းသို့ လာရောက်လည်ပတ်စဉ်အတွင်း ပူတင်ကို ရုရှားတပ်ဖွဲ့များ ပိုကရော့ဗ်ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ခရမ်လင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ဒီဇင်ဘာ ၁ရက်တွင် ပြောကြားခဲ့သည်။

ပိုကရော့ဗ်သည် လမ်းနှင့်ရထားလမ်း ဆက်သွယ်မှုများကြောင့် ယူကရိန်းတို့အတွက် အရေးပါသော မြို့အဖြစ် ကြာမြင့်စွာကတည်းက သတ်မှတ်ခံခဲ့ရသော်လည်း၊ အဓိက အဝေးပြေးလမ်းမကြီးနှင့် ရထားလမ်းပေါ်တွင် မကြာခဏဆိုသလို ဒရုန်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် ယူကရိန်းက အခြားထောက်ပံ့ရေးလမ်းကြောင်းများကို ရှာဖွေခဲ့ရသဖြင့် ပိုကရော့ဗ် မြို့၏မဟာဗျူဟာတန်ဖိုး လျော့ကျသွားခဲ့သည်။