ဖားကန့်မှ ပြန်လာသူများကို ကန့်ဘလူတွင် စစ်တပ် ဖမ်း၊ ၄ ဦးအသတ်ခံရပြီး ၂ ဦး ထွက်ပြေးလွတ် မြောက်

ဓာတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့
ပုံစာ - လွတ်မြောက်လာသည့် အမျိုးသား ၂ ဦး

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်၊ စံပယ်နံ့သာ အထိုင်ဂိတ်တွင် ဖားကန့်မှပြန်လာသူများကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး ၄ ဦး အသတ်ခံရကာ ၂ ဦး ထွက်ပြေးလွတ်မြောက်လာကြောင်း သိရသည်။

နိုဝင်ဘာ ၂၄ ရက်က ဖားကန့်မှ ပါဂျဲရိုးကားဖြင့် ပြန်လာသော တန့်ဆည်၊ဒီပဲယင်းနှင့်အရာတော်နယ်သား ၁၁ ဦးတို့ နိုဝင်ဘာ ၂၆ ရက်တွင် ကန့်ဘလူမြို့နယ်၊စံပယ်နံ့သာဂိတ်သို့ ရောက်ရှိစဉ် စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်သည်။

“၂၉ ရက်နေ့ မနက်ကျတော့ ကျနော်တို့ ၅ ယောက်ကို သတ်ဖို့ခေါ်သွားပါတယ်။ ယောင်္ကျားလေး ၅ ယောက်ပေါ့။ ဒီပဲယင်းက တစ်ယောက် ၊ ချောင်းဆုံက ၃ ယောက် ၊ ဘေရင်းရွာသစ်က တစ်ယောက်ပေါ့။ စုစုပေါင်း ၅ ယောက်။ ကျနော်တို့ကို ခေါ်သွားပါတယ်။ တန်ပိုဂိတ်ကို ခေါ်သွားတာပေါ့ ။ ကျနော်တို့ကို သတ်ဖို့ဆိုပြီးတော့ ကားထဲမှာ ဒီတိုင်းကြီး လက်ပြန်ကြိုးတုပ်ပြီး ပစ်ထားခဲ့တာ။ ပစ်ထားခဲ့ပြီးတော့ မင်းတို့ကောင်တွေ အမှန်တိုင်းဝန်ခံ မင်းတို့ကောင်တွေက သေရတော့မှာပေါ့၊ ကျနော်တို့ကို အဲ့လိုမျိုးတွေ ပြောပါတယ်။ပြောပြီးတော့မှ သူက ဆင်းသွားတဲ့အချိန်မှာ ကျနော်တို့က ကားပေါ်ကနေ ဓားတွေ့တာပေါ့။ ဓားတွေ့တော့ ကျနော်တို့က လက်ပြန်ကြိုးကို ခြေထောက်နဲ့ ဓားကိုကိုင်ပြီး ဖြည်ခဲ့တာပေါ့။ ဖြည်ခဲ့ပြီးတော့မှ ကျနော်တို့ ထွက်ပြေးခဲ့တာပါ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ ထုတ်ပြန်သည့် ရုပ်သံတွင် လွတ်မြောက်လာသည့် လူငယ်တစ်ဦးက ပြောသည်။

၎င်းတို့ ၅ ဦး ထွက်ပြေးသွားပြီးနောက် စစ်တပ်က ဒရုန်းဖြင့် ထောက်လှမ်းရှာဖွေခဲ့ရာ ၃ ဦးကို ပြန်မိ သွားပြီး စစ်တပ်က သတ်ပစ်လိုက်ကြောင်း သိရသည်။
“ကျနော်တို့ကလည်း ခြုံပုတ်တွေထဲမှာ ပုန်းနေတယ်။ မိတဲ့သူက‌တော့ မိသွားပါတယ်။ ၃ ယောက်ပြန်မိသွားပါတယ်။ တစ်ခါတည်းကို ပစ်သတ်ခဲ့တာ”ဟု လွတ်မြောက်လာသည့် လူငယ် က ဆိုသည်။

ထို့အပြင် နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းကလည်း တန့်ဆည်မြို့နယ်၊ ချောင်းဆုံရွာသား ကားဆရာ ကိုမင်းထိုက် ကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် တန့်ဆည်မြို့နယ်၊ချောင်းဆုံရွာသူ အသက် ၄၉ နှစ်အရွယ်ရှိ အမျိုးသမီးနှင့် ၎င်း၏ မြေးမလေး ၃ နှစ်သမီး တို့ကလွဲ၍ ကျန်အမျိုးသားများအားလုံးကို စစ်သားတို့က ရက်စက်စွာ ရိုက်နှက်ကြောင်းလည်း ဆိုသည်။

” ကွင်းပြင်ကြီးထဲ ဒူးထောက်ခိုင်းပြီး အိပ်တော့လည်း အဲ့ကွင်းပြင်တင် ဘာမှမပါဘဲ အိပ်ရတာ။ သူတို့မူးလာရင် တစ်လှည့်စီက လာရိုက်သေးတာ။ ဒီလောက်ချမ်းတာကို ညရော၊ မနက်ရော ရေတစ်ယောက်တစ်ခွက်က လောင်းခံရသေးတာ။ သေကံမပါသေးလို့ လွတ်လာတာပါ”ဟု ထွက်ပြေးလွတ်မြောက်လာသည့် အသက်၄၂ နှစ်အရွယ် အမျိုးသားက ပြောသည်။

အသတ်ခံရသူများမှာ တန့်ဆည်မြို့နယ်၊ချောင်းဆုံရွာနေ အမျိုးသား၃ဦးနှင့် ဒီပဲယင်းမြို့နယ်နေ အမျိုးသားတစ်ဦးတို့ ဖြစ်ပြီးလွတ်မြောက်လာသူ ၂ ဦးမှာ တန့်ဆည်မြို့နယ်ရှိ ချောင်းဆုံရွာနှင့် ဘေရင်းရွာသစ်မှ အမျိုးသား ၂ ဦးတို့ဖြစ်သည်။

ချောင်းဆုံရွာမှ အမျိုးသမီး မြေးအဘွား ၊ ဒီပဲယင်းမြို့နယ်မှ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး ၊ အရာတော်မြို့နယ်မှ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် နဘတ်ကြီးရွာမှ အမျိုးသား တစ်ဦးတို့မှာ စစ်တပ်လက်ထဲတွင် ကျန်ရှိနေသေးပြီး ၎င်းတို့၏ နောက်ဆုံးအခြေအနေကို မသိရသေးပေ။

ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းကြောတွင် ရေကြည်ဦး ၊ ကျီကျင်း ၊ ဘူးကုန်း ၊ ဇီးကုန်း-မလယ်လမ်းဆုံ ၊ ယမ‌နေ ၊ ငှက်ပျောတိုင်း ၊ စံပယ်နံ့သာဂိတ် နှင့် ဇင်းဂိတ်တို့ရှိပြီး ပေါ်တာအဆွဲကြမ်းသည်ဟုလည်း နာမည်ကြီးလျက်ရှိသည်။