တော်လှန်ရေးဦးဆောင်အဖွဲ့များအနေနှင့် စစ်ကော်မရှင် ဖော်ဆောင်နေသည့် အဓမ္မစစ်မှုထမ်း ခေါ်ယူနေမှုအပေါ် စနစ်တကျတုံ့ပြန်နိုင်ရန်အတွက် လိုအပ်သောပူးပေါင်းဆောင်ရွက်မှုများနှင့် မဟာ ဗျူဟာများ ချမှတ်ရန် မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI က အကြံပြုသည်။
MDSI က ထုတ်ပြန်လိုက်သော ‘ပြည်သူ့စစ်မှုထမ်းဥပဒေ ဖော်ဆောင်သက် ရောက်မှု လေ့လာဆန်း စစ်ချက်”အစီရင်ခံစာ၌ အထက်ပါအတိုင်း အကြံပြုထားသလို စစ်မှုထမ်းတပ်သား များ အလင်းဝင်ပူး ပေါင်းမှု ပိုမိုလွယ်ကူအားကောင်းလာစေရေး နည်းဗျူဟာ လုပ်ငန်းစဉ်များ သုံးသပ် ဖော် ဆောင်ရန် လိုအပ်ကြောင်းလည်း ဆိုသည်။
“စစ်တပ်က အဓမ္မနည်းလမ်းပေါင်းစုံသုံးပြီး စစ်မှုထမ်းခေါ်နေတာကို ကျနော်တို့ တော်လှန်ရေးအင် အားစုတွေက မတားဆီးနိုင်တာ သေချာတယ်။ဒါပေမဲ့၊ စစ်တပ်ထဲရောက်သွားတဲ့ ပစ(စစ်မှုထမ်းတပ် သား)တွေကို ကျနော်တို့ ဖဲ့ထုတ်နိုင်ဖို့လိုတယ်။ပစတွေက စစ်တပ်ထဲ မဝင်ချင်ဘဲနဲ့ အဓမ္မနည်းလမ်း ပေါင်းစုံကြောင့် ရောက်သွားတဲ့သူတွေဖြစ်လို့ ဖဲ့ထုတ်ရတာ မခက်ဘူး။ဒါပေမဲ့၊ပစ တွေ အလင်းဝင် တာ ဘာ့ကြောင့် နည်းနေတာလဲ။ဒီနေ့ထိ အောင်မြင်နေတဲ့ စစ်မှုထမ်းဥပဒေကို ဘယ်လိုတုံ့ပြန်ကြ မလဲ။တော်လှန်ရေးတာဝန်ရှိသူတွေနဲ့ ဒီအပိုင်းမှာ ကျွမ်းကျင်သူတွေ ပူးပေါင်းအဖြေရှာကြဖို့လိုတာ အမှန်ပဲ။အရေးတကြီး အဖြေရှာရမယ့်ကိစ္စလည်း ဖြစ်တယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDM အရာ ရှိတစ်ဦးက MPAသို့ပြောသည်။
လက်နက်နှင့် အလင်းဝင်လာသူများကို ဆုငွေချီးမြှင့်ခြင်းသည် စစ်အုပ်စုဝင်များ အလင်းဝင်လာစေ ရေးအတွက် လုံလောက်သည့်အဖြေမဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။
တော်လှန်ရေးအင်အားစုများသည် စစ်မှုထမ်းအရေး တုံ့ပြန်ဖြေရှင်းနိုင်ရန် ပြင်ဆင်လုပ်ဆောင်မှုများ အလွန်အားနည်းနေကြောင်းတော်လှန်ရေးတပ်ဖွဲ့များအနေနှင့် စစ်မှုထမ်းအရေးနှင့် ပတ်သက်ပြီး ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဖော်ဆောင်ပါက စစ်ရေး၊နိုင်ငံရေးအရွေ့အပေါ် များစွာ အထောက်အကူ ပြုမည်ဖြစ်ကြောင်း MDSI က အကြံပြုသည်။
စစ်တပ်သည် ၎င်းတို့၏ ရည်မှန်းချက်အတိုင်း စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် လုပ်ဆောင် နိုင်နေကြောင်း နိုင်ငံအနှံ့ တန်ပြန်ထိုးစစ်ဖော်ဆောင်ရာတွင် စစ်မှုထမ်းတပ်သားများကို ကောင်းစွာ ကွပ်ကဲထိန်းချုပ်အသုံးချနိုင်နေကြောင်း MDSI က ဆိုသည်။
