ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို ဥရောပက ဖျက်ဆီးနေကြောင်း ပူတင် စွပ်စွဲ

ဓာတ်ပုံ - REUTERS
ပုံစာ - ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့က ရုရှားသမ္မတ ဗလာဒီမာ ပူတင် မော်စကိုမြို့တွင် ကျင်းပသော VTB ရင်းနှီးမြှုပ်နှံမှု ဖိုရမ် "Russia Calling!" သို့ တက်ရောက်ရင်း သတင်းထောက်များကို စကားပြောနေစဉ်

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း အရှိန်အဟုန်ရလာခဲ့သော ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အမေရိကန် ဦးဆောင်သည့် ကြိုးပမ်းမှုများကို ယူကရိန်း၏ ဥရောပ မဟာမိတ်များက ဖျက်ဆီးနေသည်ဟု ဒီဇင်ဘာ ၂ ရက် တွင် စွပ်စွဲလိုက်သည်။

“သူတို့မှာ ငြိမ်းချမ်းရေး အစီအစဉ် မရှိဘူး၊ သူတို့က စစ်ပွဲဘက်မှာ ရပ်တည်နေကြတာ” ဟု ပူတင်က ရင်းနှီးမြှုပ်နှံမှု ဖိုရမ်တစ်ခုတွင် မိန့်ခွန်းပြောကြားပြီးနောက်၊ ရုရှားသမ္မတအိမ်တော် ၌ အမေရိကန် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်၊ သမ္မတ ဒေါ်နယ်လ် ထရမ့်၏ သားမက် ဂျာရက် ကူရှ်နာတို့ ဦးဆောင်သော အမေရိကန် ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးပွဲများ မပြုလုပ်မီ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရုရှားခေါင်းဆောင်က ဥရောပသည် ငြိမ်းချမ်းရေး အဆိုပြုချက်များကို “ရုရှားအတွက် လုံးဝ လက်မခံနိုင်သော တောင်းဆိုချက်များ” ဖြင့် ပြင်ဆင်ခဲ့ပြီး၊ ထိုသို့ ပြင်ဆင်ခြင်းအားဖြင့် “ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုလုံးကို ပိတ်ဆို့နေသည်” ဟု စွပ်စွဲပြောကြားခဲ့သည်။ ထို့နောက် ယင်းအတွက် ရုရှားကိုသာ အပြစ်တင်နေသည်ဟုလည်း ဆိုသည်။

“ဒါက သူတို့ရဲ့ ရည်မှန်းချက်ပဲ” ဟု ပူတင်က ဆိုသည်။

သူ၏ မှတ်ချက်များသည် ယခုနှစ်တွင် ထရမ့် အိမ်ဖြူတော်သို့ ပြန်ရောက်လာပြီး ရုရှားနှင့် ဆွေးနွေးပွဲများ စတင်ခဲ့ပြီးနောက် ရုရှားက ထပ်မံ တွန်းအားပေးလာသည့် အကြောင်းအရာများနှင့် ကိုက်ညီနေသည်။

ဥရောပက ယူကရိန်းကို ခိုင်မာစွာ ထောက်ခံမှုသည် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ရှိ အဓိက အတားအဆီးများထဲမှ တစ်ခုဖြစ်ကြောင်း ပုံဖော်ရန် ပူတင်က ရည်ရွယ်ထားသည်။

ရုရှားသည် ဥရောပ အင်အားကြီးနိုင်ငံများနှင့် စစ်မဖြစ်လိုကြောင်း၊ သို့သော် ဥရောပက တိုက်ရိုက်ပဋိပက္ခကို လိုချင်ပါက တိုက်ခိုက်ရန် အသင့်ရှိကြောင်းလည်း ပူတင်က ပြောကြားခဲ့သည်။