ဒီမိုကရေစီ နောက်ပြန်ဆွဲနေရခြင်းသည် လက်နက်ကိုင်ကြခြင်းကြောင့် ဖြစ်သည်ဟု ရွေးကောက်ခံ အစိုးရအား လက်နက်အားကိုး အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့(ဒီဇင်ဘာ ၃ရက်)တွင် ပြောလာကြောင်း သိရသည်။
စစ်ခေါင်းဆောင်က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ပြုလုပ်ခဲ့သည့် စစ်တက္ကသိုလ် အပါတ်စဥ် ၆၇ ကျောင်းဆင်းပွဲ၌ ထိုသို့ ပြောလာခြင်း ဖြစ်သည်။
” ဒီလို လက်နက်ကိုင် လမ်းစဥ်နဲ့ ဖြေရှင်းတဲ့ ကြိုးပမ်းမှုဟာ နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့ အထိ မည်သည့် ရလာဒ်မျှ မထွက်လာတာကို သင်္ခန်းစာ ယူဖို့ လိုသလို ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာ လက်နက်ကိုင်လမ်းစဥ်ကြောင့်ဆိုတာ အမှန်အတိုင်း ရှုမြင်ကြဖို့ အချိန်ကျနေပြီ ဖြစ်တယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။
လက်နက်အားကိုး အာဏာသိမ်းထားသည့် စစ်ခေါင်းဆောင်၏ ပြောဆိုမှုသည် ၄င်း ကိုယ်တိုင် ယခင်က ပြောခဲ့သည့်အတိုင်း ဆိတ်ခေါင်းချိတ်ကာ ခွေးသားရောင်းနေခြင်းမျိုးဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ဝေဖန်ပြောဆိုသည်။
” မင်းအောင်လှိုင်ဟာ နိုင်ငံရေး စားပွဲဝိုင်းထက် ပိုတဲ့ လွှတ်တော်ကို လက်နက်အားကိုးပြီး ဖျက်သိမ်း အာဏာသိမ်းခဲ့တာပါ။ ဒါကို သူကပဲ လက်နက်ကိုင်ကြလို့ ဒီမိုကရေစီ နောက်ပြန်ဆွဲတယ်ဆိုတာ သူ့စကားနဲ့ သူ့ပြန်ပြောရရင် ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတာပါပဲ “ဟု ၄င်းက ပြောသည်။
ခေတ်အဆက်ဆက် စစ်အာဏာရှင်များ၏ အာဏာလက်မလွှတ်လိုမှုနှင့် ဗမာလူမျိုးကြီးဝါဒ ကိုင်ဆွဲမှုများကသာ နိုင်ငံငြိမ်းချမ်းရေးမရခြင်း၏ အကြောင်းရင်းအမှန်ဖြစ်သည်ဟုလည်း ၄င်းက ဆက်၍ ပြောသည်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်တွင် ရွေးကောက်ခံ အစိုးရနှင့် လွှတ်တော်ကို စစ်တပ်က လက်နက် အားကိုး၍ အာဏာသိမ်းယူခဲ့သည်။
အဆိုပါ အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသည့် ပြည်သူများအား အာဏာသိမ်း စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့ရာ လူငယ်အများအပြားသည် ၄င်းတို့၏ ကိုယ်ပိုင် ဆန္ဒများဖြင့် စစ်တပ်ကို တော်လှန်ရန် လက်နက်ကိုင် လမ်းစဥ်ကို ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
ယင်းသို့ တော်လှန်ကြခြင်းကြောင့် အာဏာသိမ်း စစ်တပ်သည် ၁၉၆၂ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး အကျပ်အတည်းကို ရင်ဆိုင်နေရပြီး အတုအယောင် ရွေးကောက်ပွဲဖြင့် နိုင်ငံရေး ထွက်ပေါက် ရရန် ကြိုးပမ်းလျက်ရှိနေသည်။
နိုင်ငံရေး ထွက်ပေါက်အတွက် အတုအယောင် ရွေးကောက်ပွဲ အောင်မြင်စွာ ပြုလုပ်နိုင်ရေး အတွက် အာဏာသိမ်းစစ်တပ်သည် ပြည်သူလူထုအား ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေအား လက်နက်အားကိုး ပြဌာန်းကာ ဖိနှိပ်မှုများ ပြုလုပ်လျှက်ရှိသည်။
စာတည်း-ကိုဆန်း
