အဓမ္မစစ်သားစုဆောင်းခံရသူ ၃သောင်းကျော်ရှိပြီဟု NUGဆို

စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းခံရသူ ၃သောင်းကျော်ရှိပြီဖြစ်ကြောင်း NUGအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် နိုဝင်ဘာ၃၀ရက်အထိ အဓမ္မစစ်သားစုဆောင်းခံရမှုဖြစ်စဉ်ပေါင်း ၁၆၇၈ ခု ရှိခဲ့ပြီး အဓမ္မစုဆောင်းခံရသူ စုစုပေါင်း ၃၁၀၈၆ဦးရှိကြောင်း NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က ဒီဇင်ဘာ၂ရက်ညက ထုတ်ပြန်ထားသည်။

“NUG စာရင်းဆိုတာက မီဒီယာတွေမှာ ပေါ်တာဆွဲတဲ့သတင်းဖော်ပြချက်တွေကို အဓိကယူထားမယ် လို့ထင်တယ်။အခုဆို စစ်မှုထမ်းတပ်သားတွေက ၉သောင်းနဲ့ တစ်သိန်းကြားလောက်ရှိနေပြီ။၉ သောင်းဆိုရင်တောင် ၉သောင်းမှာ ၇သောင်းလောက်က ပေါ်တာဆွဲခံရတာ။ကျန်တာက ငွေရလို့ စစ်မှုထမ်းလိုက်တာလို့ ထင်တယ်။NUGစာရင်းက သိပ်နည်းနေတယ်လို့ ထင်တယ်။ ကျနော်တို့မုံရွာ မှာဆို ညနေ အလုပ်ကအပြန် စောင့်ဖမ်းလို့ အစုလိုက်ကြီး ပေါ်တာဆွဲခံနေရတာ မကြာခဏပဲ”ဟု မုံရွာအခြေစိုက်တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

အဓမ္မစစ်သားစုဆောင်းခံရမှု အမျာဆုံးဒေသမှာ မန္တလေးတိုင်းဖြစ်ပြီး ၈၉၀၂ဦးရှိကာ ရခိုင်ပြည်နယ် သည် ၃၉၉၃ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆိုသည်။

စစ်မှုထမ်းအပတ်စဉ်၁၉ကို နိုဝင်ဘာ၁၇ရက်တွင် နိုင်ငံတစ်ဝန်းရှိ စစ်သင်တန်းကျောင်းများ၌ ဖွင့် လှစ်ခဲ့ပြီး အပတ်စဉ်တစ်ခုလျှင် သင်တန်းသား၅၀၀၀ ခေါ်ယူမည်ဟု ယခင်စစ်ကောင်စီက ပြောထား သဖြင့် ယခုအခါ စစ်မှုထမ်းသင်တန်းသား ၉သောင်းခွဲ ရှိပြီဖြစ်သည်။

စစ်အုပ်စုသည် နိုဝင်ဘာ၃၀ရက်အထိ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပေါင်း ၄၇၅မှု ကျူးလွန်ခဲ့ပြီး သေဆုံးသူစုစုပေါင်း ၄၉၆၅ဦးရှိသည်။ ယင်းအထဲတွင် အသက်၁၈နှစ်အောက် ၅၆၁ဦး ပါဝင်ကာ အမျိုး သမီး၈၈၂ဦး ပါဝင်ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆိုသည်။

နိုဝင်ဘာ၃၀ရက်အထိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ်၄၂၀၀ ကျူးလွန်ခဲ့ပြီး ၄၄၇၀ ဦး သေဆုံးခဲ့ကာ ယင်းအထဲတွင် အသက်၁၈နှစ်အောက် ၈၇၆ဦး ပါဝင်ကြောင်း သိရသည်။

စာတည်း-ML