DKBA နှင့် ဆက်စပ်မှုရှိသည့် ကျားဖြန့်စခန်းတစ်ခုမှ ဒိုမိန်းကို ပိတ်သိမ်းနိုင်ခဲ့ဟု အမေရိကန်ထုတ်ပြန်

အမေရိကန်ပြည်ထောင်စု တရားရေးဌာန (DOJ) က မြန်မာနိုင်ငံတွင် အခြေစိုက်သည့် ကျားဖြန့်လိမ်လည်မှုစခန်းတစ်ခုမှ အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်နေသော အတုအယောင် ဒစ်ဂျစ်တယ်ငွေကြေး ရင်းနှီးမြှုပ်နှံမှု ဝက်ဘ်ဆိုက်ဒိုမိန်းတစ်ခုကို သိမ်းဆည်းလိုက်ကြောင်း ယနေ့ ကြေညာခဲ့သည်။

ယခုကဲ့သို့ဆောင်မရွက်မှုအား FBI ၏ Scam Center Strike Force က အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်သည်။ လိမ်လည်သူများ၏ ခန့်မှန်းဝင်ငွေမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၉ ဘီလီယံမှ ၁၀ ဘီလီယံ ကြား ရှိသည်ဟု ကြေညာချက်တွင် ဆိုထား သည်။

သိမ်းဆည်းရမိသော ဝက်ဘ်ဆိုက် (tickmilleas.com) ကို မြန်မာနိုင်ငံ၊ DKBA ထိန်းချုပ်နယ်မြေ၊ ကျောက်ခက်ရွာတွင် တည်ရှိသော Casino Kosai ဟု လူသိများသည့် ထိုင်းချန် (Tai Chang) ကျားဖြန့်ဝင်း မှ လည်ပတ်ခဲ့ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ သည်။

“FBI က ဝက်ဘ်ဆိုက်ဒိုမိန်းကို သိမ်းလိုက်နိုင်တယ်ဆိုတာက အရမ်းကြီးတော့ထူးခြားတာမျိုးမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျားဖြန့်လုပ်တဲ့သူတွေထဲမှာ အိုင်တီပိုင်းကို ပိုင်နိုင်ကျွမ်းကျင်တဲ့သူတွေရှိတယ်။ ဒီတစ်ခု ပါသွားရင် သူတို့နောက်တစ်ခု ထပ်ဖွင့်လာမှာ အဲ့ဒါတွေကို ဘယ်လိုထိန်းချုပ်မလဲဆိုတာက အရေးကြီးတာ ” ဟု အသက် ၃၀ကျော်အရွယ် အိုင်တီပညာရှင် တစ်ဦးက ထောက်ပြသည်။

ထိုင်းချန်စခန်းသည် တရုတ်ရာဇဝတ်ဂိုဏ်းများ (Transnational Criminal Organizations) နှင့် ဆက်နွယ်နေရုံသာမက၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အထူးသတ်မှတ်ပုဂ္ဂိုလ် (SDN) စာရင်းသွင်းခံထားရသည့် မြန်မာလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော ဒီကေဘီအေ (DKBA) နှင့်လည်း ပတ်သက်မှုရှိကြောင်း ဖော်ပြထားသည်။

လိမ်လည်သူများသည် “ဝက်ကိုအစာကျွေးပြီးမှသတ်သည့်နည်း” (Pig Butchering) ဟုခေါ်သော နည်းလမ်းကို အသုံးပြုခဲ့ကြောင်း၊ ၎င်းတို့သည် သားကောင်များ၏ ယုံကြည်မှုကို ရယူပြီးနောက်၊ အတုအယောင် ရင်းနှီးမြှုပ်နှံမှု ဝက်ဘ်ဆိုက်ကို အသုံးပြုကာ ပိုက်ဆံများ ထည့်ဝင်စေပြီး နောက်ဆုံးတွင် လိမ်လည်ယူသွားခြင်းဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စု တရားရေးဌာနက ဆိုသည်။

ယခု ဒိုမိန်းသိမ်းဆည်းမှုသည် အရှေ့တောင်အာရှရှိ ကျားဖြန့်စခန်းများကို အမြင့်ဆုံးအဆင့်မှ တိုက်ဖျက်ရန် အမေရိကန် တရားရေးဌာနမှ ဖွဲ့စည်းထားသော Scam Center Strike Force ၏ လှုပ်ရှားမှုတစ်ရပ်ဖြစ်သည်။

အဆိုပါ ကျားဖြန့် ဒိုမိန်းကို သိမ်းယူနိုင်ရန်အတွက် Strike Force သည် နည်းပညာကုမ္ပဏီကြီးများဖြစ်သော Google၊ Apple နှင့် Meta (Facebook) တို့နှင့် လက်တွဲဆောင်ရွက်ခဲ့ရကြောင်း၊ ရလဒ်အဖြစ် လိမ်လည်မှုနှင့် ဆက်စပ်သည့် App များစွာကို ဖယ်ရှားနိုင်ခဲ့ပြီး၊ ထိုင်းချန်ဝင်းနှင့် ဆက်စပ်သော Meta အကောင့်ပေါင်း ၂,၀၀၀ ခန့် ကို ဖျက်သိမ်းနိုင်ခဲ့ကြောင်း သိရသည်။

FBI သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ အေးဂျင့်များကို စေလွှတ်ထားပြီး ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ War Room Task Force နှင့် ပူးပေါင်းကာ ထိုင်းချန်နှင့် မြန်မာနိုင်ငံရှိ အခြားသော ကျားဖြန့်ဝင်းများကို စုံစမ်းစစ်ဆေးခြင်းနှင့် တိုက်ဖျက်ခြင်းများ လုပ်ဆောင်နေကြောင်း အမေရိကန်ပြည်ထောင်စု တရားရေးဌာနက ကြေညာထားသည်။

“FBI က မြန်မာပြည်ထဲရောက်မရောက် မကျိန်းသေပေမယ့် ထိုင်းအစိုးရနဲ့ ပေါင်းပြီး စစ်ဆင်ရေးဖော်ဆောင်နေတာတော့ ကျိန်းသေတယ်။ တစ်ခုရှိတာက ကျားဖြန့်မှာ စစ်တပ်နဲ့ ပေါင်းထားတဲ့ လက်နက်ကိုင်အဖွဲ့တွေပါရှိတော့ ဒီပြသနာက ဘယ်လို ဆက်ဖြစ်သွားနိုင်မလဲမသိဘူး။ စစ်တပ်က သူ့ကိုယ်သူ ကြိုးကွင်းစွပ်တဲ့အဖြစ်က ရှောင်မှာဆိုတော့ BGF နဲ့ DKBA က ထိုးကျွေးခံရမယ့် ပုံစံရှိတယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

ကျားဖြန့်စခန်းများတွင် အမေရိကန်များကို လိမ်လည်ရန် စေခိုင်းခံရသူ အများစုမှာ ၎င်းတို့၏ ဆန္ဒမပါဘဲ လက်နက်ကိုင်အဖွဲ့များ၏ စောင့်ကြပ်မှုအောက်တွင် ထိန်းသိမ်းခံရသော လူကုန်ကူးခံရသူများ ဖြစ်သည်ဟုလည်း အမေရိကန်ပြည်ထောင်စု တရားရေးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။

ကျားဖြန့် လိမ်လည်မှုလုပ်ငန်းမှ ရရှိသော ဝင်ငွေသည် အချို့သော အရှေ့တောင်အာရှ နိုင်ငံများ၏ ဂျီဒီပီ (GDP) ထက်ဝက်နီးပါးအထိ ရှိနေသည့်အတွက် နိုင်ငံတကာ အစိုးရများအနေဖြင့် ယင်းလုပ်ငန်းကို တိုက်ဖျက်ရန် အလေးထားကြိုးပမ်းနေခြင်းမှာ နားလည်နိုင်စရာဖြစ်ကြောင်း လိမ်လည်မှုမှရရှိသော ငွေများဖြင့် ထိုဒေသများတွင် ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုများကို ဆက်လက်ရန်ပုံငွေ ထောက်ပံ့နေနိုင်သည့်အတွက် နိုင်ငံတကာ လုံခြုံရေးအတွက်ပါ စိုးရိမ်စရာ ဖြစ်နေသည်ဟု အမေရိကန်ပြည်ထောင်စု တရားရေးဌာနက ထောက်ပြထားသည်။

ယခုကျားဖြန့်လုပ်ငန်းများသည် မြန်မာနိုင်ငံ၏ မတည်ငြိမ်သော အခြေအနေများကြောင့် နယ်စပ်ဒေသများအား နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ က လွယ်ကူစွာ အသုံးပြုနိုင်သည့် ‘လုံခြုံမှုမရှိသော နယ်မြေ (Safe Haven)’ များ ဖြစ်လာနေသည်ကို ထင်ဟပ်ပြသနေသည်။ တရုတ်၊ အမေရိကန်နှင့် အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံများ ပူးပေါင်းပါဝင်သော ကျားဖြန့် တိုက်ဖျက်ရေးသည် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု ပြိုလဲခြင်း၏ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အကျိုးဆက်များကို ပြသနေခြင်းပင် ဖြစ်သည်ဟု ထောက်ပြမှုများလည်းရှိသည်။

စာတည်း-ကိုဆန်း