KNUက သက်သေဖျောက်ဖျက်ရန် ကျားဖြန့် ၃၀၀၀ကျော်ကို နေရာရွေ့ပြောင်းဆိုသော သတင်းအမှား

မင်းလက်ပံရှိ ကျားဖြန့်လုပ်သား ၃,၀၀၀ နီးပါးကို သက်သေဖျောက်ဖျက်ရန်အတွက် KNU က နေရာရွှေ့ ပြောင်းဟုဆိုသည့် အကြောင်းအရာ စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက် ရှိ သည်။

“Truth Media” တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၃ ရက် နံနက် ၁၀ နာရီ ၅၆ မိနစ်တွင် မင်းလက်ပံရှိ ကျား ဖြန့်လုပ်သား ၃,၀၀၀ နီးပါးကို KNU က သက်သေဖျောက်ဖျက်သည့်အနေဖြင့် နေရပ်ရွှေ့ပြောင်းဖို့ ပြုလုပ် နေသော်လည်း ဝန်ထမ်းများက လက်မခံ၍ KNU အခက်တွေ့နေကြောင်း၊ မင်းလက်ပံ ကျားဖြန့် နေရာကို စစ်တပ်နှင့် DKBA က ဝင်ရောက်စီးနင်းဖမ်းဆီးနိုင်ဖို့ ကြိုးပမ်းရာ KNU နှင့် မဟာမိတ် ကျားဖြန့်များက ဟန့်တားခုခံနေကြောင်း၊ ကျားဖြန့် လုပ်သားများကို စစ်တပ်က သက်သေအဖြစ် ဖမ်းမိသွားမှာကို KNU က အလွန်အမင်း စိုးရိမ်နေကြောင်း ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေခဲ့သည်။

အဆိုပါ အကြောင်းအရာကို “နေပြည်တော် ၊ Snow Queen” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်ယ်များကလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများနေသည်။

မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/NGO1v
နေပြည်တော် – https://archive.ph/UZr6m
Snow Queen – https://archive.ph/o59CQ

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

သတင်းစိစစ်ချက်

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Lens ဖြင့် ရှာဖွေကြည့်ရာ “People’s Spring” သတင်းဌာနက ဖော်ပြထားသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။

People’s Spring တွင် မြဝတီမြို့နယ်၊ မင်းလက်ပံရွာရှိ ကျားဖြန့်စခန်းနေရာကနေ ကျားဖြန့်လုပ်သား ၉,၀၀ ကျော်ဟာ ထွက်ခွာဖို့ ငြင်းဆန်နေကြောင်း၊ Shunda Park ဟု ခေါ်သည့် ကျားဖြန့် စခန်းနေရာတွင် KNU က လူပေါင်း ၃,၀၀၀ ကျော် ကို စာရင်းကောက်ယူနိုင်ခဲ့ပြီး သုံးပုံနှစ်ပုံကို ၎င်းတို့၏ဆန္ဒအရ ကူညီရွှေ့ ပြောင်းပေးထားပြီးဖြစ်ကြောင်း၊ ကျားဖြန့်စခန်းကနေ ထွက်ခွာဖို့ ငြင်းဆန်နေသူ ၉၀၀ ကျော်ကို KNU က နေရာထိုင်ခင်းနှင့် စားသောက်ရေးကိစ္စကို စီစဉ်ပေးထားရကြောင်း၊ ကျားဖြန့်စခန်းနေရာမှာ ဘာကြောင့် ဆက်ပြီး နေထိုင်ချင်သလဲဆိုတာကို တိတိကျကျ မသိရသေးကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/CyNFg

ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ မင်းလက်ပံ ကျားဖြန့်လုပ်သားများ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Myanmar Now, DVB” မီဒီယာတို့က သတင်းရေးထားသည်။

Myanmar Now တွင် ထိုင်း-မြန်မာ နယ်စပ် မင်းလက်ပံရွာရှိ ကျားဖြန့်စခန်းအတွင်းမှ လူ ၉၀၀ ကျော်သည် စခန်းကိုစွန့်ခွာရန် ဆန္ဒမရှိကြောင်း၊ စခန်းအတွင်း ကျန်ရစ်သည့် လူ ၉၀၀ ကျော်အတွက် KNU က စားနပ်ရိက္ခာများ ထောက်ပံ့နေရကြောင်း၊ စခန်းအတွင်းမှ ထွက်ခွာရန် ဆန္ဒပြုထားသည့် လူများကို သောင်ရင်းမြစ်ကမ်းဘေးသို့ ပို့ဆောင်ပေးထားကြောင်း၊ ဒီဇင်ဘာ ၂ ရက်နေ့အထိ နေရပ်ပြန်လိုသူ ၁၇၇ ဦးမှာ ထိုင်းနိုင်ငံဘက်က ခေါ်ယူမည်ကို သောင်ရင်းမြစ်ဘေးတွင် စောင့်ဆိုင်းနေကြကြောင်း၊ လက်ရှိတွင် စစ်တပ်သည် မင်းလက်ပံဘက်သို့ ဦးတည်၍ စစ်ကြောင်းနှစ်ကြောင်းဖြင့် ထိုးစစ်ဆင်နေပြီး လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/jdnhy

DVB တွင် ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပေါ်ရှိ ဖလူးကျေးရွာနှင့် မင်းလက်ပံကျေး ရွာအနီးတွင် စစ်ကောင်စီက စစ်ကြောင်းနှစ်ကြောင်းဖြင့် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ ပြင်းထန်နေ ကြောင်း၊ မင်းလက်ပံ ကျားဖြန့်နေရာနှင့်ပတ်သက်၍ နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေ ကြောင်း KNU က ထုတ်ပြန်အပြီးမှာ ယခုကဲ့သို့ ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း၊ KNU ဆီက မင်းလက်ပံ ကျားဖြန့်ရုံ သက်သေများ ပြန်ရရှိရေးမှာ စစ်တပ်အတွက် အသက်တမျှအရေးကြီးနေသည်ဟု ကရင်စစ်ရေး လေ့လာသူများက သုံးသပ်ထားကြောင်း ရေးသားထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/9Gu1

ကရင်အမျိုးသားအစည်းအရုံး ( KNU ) ကလည်း မင်းလက်ပံကျားဖြန့် လုပ်ငန်း နှင့် ပတ်သက်သည့် နောက်ဆုံးအခြေအနေကို ထုတ်ပြန်ကြေညာထားသည်။ ထုတ်ပြန်ချက်ထဲတွင် အွန်လိုင်းကျားဖြန့်နေရာကို Shunda Park ဟု ဖော်ပြထားပြီး ခြံဝင်းအတွင်း စာရင်းကောက်ယူ ရရှိသူမှာ ၃,၅၈၂ ဦး ရှိပြီး စခန်းမှ ထွက်ခွာလိုသူ ၂,၆၄၀ ဦးကို ဘေးကင်းစွာ ခေါ်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ခြံဝင်းအတွင်းမှ ထွက်ခွာလိုခြင်းမရှိသူ ၉၄၂ ဦး ရှိကြောင်း ၊ KNU အနေနဲ့ ခြံဝင်းအတွင်းမှ ထွက်ခွာရန်ဆန္ဒမရှိသူများ၏ ဘေးကင်းလုံခြုံမှုကို အာမခံရန် အလွန်ခဲယဉ်းလာမည်ဖြစ်ကြောင်း အသေးစိတ်အချက်အလက်များနှင့်တကွ ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/efO3

သုံးသပ်ချက်

သတင်းမီဒီယာများတွင် မင်းလက်ပံဒေသရှိ ကျားဖြန့်စခန်းအတွင်းမှ ထွက်ခွာရန် ဆန္ဒမရှိသူ ၉၀၀ ကျော်ကို KNU က စားနပ်ရိက္ခာထောက်ပံ့ပေးပြီး လုံခြုံရေးယူပေးထားကြောင်း တွေ့ရသည်။

KNU စာရင်းကောက်ယူထားသည့် မင်းလက်ပံ ကျားဖြန့်စခန်းအတွင်းရှိ လူဦးရေ ၃,၀၀၀ ကျော်တွင် စခန်းမှ ထွက်ခွာလိုသူ နှစ်ထောင်ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးထားကြောင်း တွေ့ရသည်။

မင်းလက်ပံဒေသ ကျားဖြန့်လုပ်ငန်းနှင့် ပတ်သက်၍ ပူးပေါင်းလုပ်ဆောင်ရန် KNU က နိုင်ငံတကာအစိုးရ များကို ဖိတ်ခေါ်ထားသည်။

ထို့ကြောင့် စစ်တပ်ထောက်ခံသော ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက “ သက်သေဖျောက်ဖျက်ဖို့အတွက် မင်းလက်ပံ ကျားဖြန့်လုပ်သား ၃,၀၀၀ ကျော်ကို KNU က နေရာရွှေ့ပြောင်း”ဟု ရေးသားဖြန့်ဝေနေခြင်းမှာ သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။

Editor – Wazza