ဒီဇင်ဘာလလယ်ပိုင်းတွင် စစ်မှုထမ်းအပတ်စဉ်သစ် ထပ်မံစတင်မည်ဖြစ်၍ ရန်ကုန်မြို့ပေါ် ညအချိန် သွားလာခြင်းကို သတိပြုရှောင်ရှားကြရန် Rangoon Scout Network-RSN က သတိပေးလိုက် သည်။
စစ်မှုထမ်းအပတ်စဉ်သစ်များကို လလယ်ပိုင်းဝန်းကျင်တွင် ဖွင့်လှစ်လေ့ရှိပြီး စစ်မှုထမ်းအပတ်စဉ်သစ် ဖွင့်ခါ နီးအချိန်တိုင်း၌ လူလိုအပ်ချက်အပေါ်မူတည်ကာ အဖမ်းအဆီးများလေ့ရှိကြောင်း သိရသည်။
“လလယ်လောက်ဆို စစ်မှုထမ်း အမှတ်စဉ် ၂၀ ထပ်စပါပြီဗျ။ အချိန်မတော် သွားလာတာတွေ၊ လမ်းဘေးထိုင်နေတာတွေ၊ လူပြတ်တဲ့နေရာ သွားလာတာတွေ ဖြစ်နိုင်သမျှရှောင်စေချင်ပါတယ်။ အမြဲချောင်းနေကြလို့ပါဗျ”ဟု RSN တာဝန်ရှိသူက MPAသို့ပြောသည်။
ဒီဇင်ဘာ၂ရက်၊ည၁၁နာရီခန့်တွင် ကမာရွတ်မြို့နယ်၊အင်းစိန်လမ်းမပေါ်ရှိ စံရိပ်ငြိမ်၆လမ်းထိပ်၌ ယောကျာ်းလေး၃ဦး ထိုင်နေစဉ် ကမာရွတ်ရဲစခန်းမှ ရဲကားတစ်စီး ရောက်ရှိလာပြီး ဘီယာသောက် နေသည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း RSN ကထုတ်ပြန်ထားသည်။
ယင်းဖမ်းဆီးမှုနှင့်ပတ်သက်ပြီး RSN တာဝန်ရှိသူက “ညက ဆွဲသွားတာကိုပဲ သိလိုက်ရပါတယ်ဗျ။ အ သေးစိတ်အချက်အလက်နဲ့ နောက်ဆက်တွဲကို စုံစမ်းထားဆဲပါပဲ”ဟု ယနေ့(ဒီဇင်ဘာ၃ရက်)မွန်းလွဲ ပိုင်းတွင် ပြောသည်။
စစ်အုပ်စုဝင်များသည် ရန်ကုန်မြို့၌ ညဘက်ကင်းပတ်ကာ လမ်းဘေးထိုင်နေသူများကို မကြာခဏ ဖမ်းဆီးလေ့ရှိကြောင်း သိရသည်။
“လူငယ်မို့ ညဘက် ဖမ်းနေတာမဟုတ်ဘူး။လူကြီးလည်း ဖမ်းပြီးငွေညှစ်နေတာ ကျမတို့ အရင်းအချာ ထဲမှာ ခံရလို့ ပြောပြတာ။အကောင်းဆုံးကတော့ လူပြတ်တဲ့နေရာဆို လင်းလင်းချင်းချင်းအချိန်လည်း မသွားနဲ့။ညဘက်ကတော့ ၈နာရီလောက်ဆို လမ်းထိပ်တောင် အမှိုက်ထွက်မပစ်နဲ့”ဟု လှိုင်မြို့နယ်၊ ၂ရပ်ကွက်နေ အိမ်ထောင်ရှင်မတစ်ဦးက ပြောသည်။
ဒီဇင်ဘာ၁ရက်၊ည ၉နာရီခန့်တွင်လည်း မင်္ဂလာတောင်ညွန့်မြို့နယ်၊တိရစ္ဆာန်ရုံဘေး၊ ကျောက်တိုင် မှတ်တိုင်အနီး၌ ယောကျာ်းလေးတစ်ဦးနှင့် အဘွားတစ်ဦးရှိနေစဉ် Delivery အလုံပိတ်ကား တစ်စီး ဖြင့် လူတစုရောက်ရှိလာကာ ယောကျ်ားလေးကို ဖမ်းဆွဲသွားကြကြောင်း RSN ကဖော်ပြထားသည်။
စာတည်း-ML
