စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲကို လက်မခံကြောင်း ပြည်သူများ လုံခြုံစွာ ဖော်ပြနိုင်ရန်အတွက် နယ်စပ်အခြေစိုက် တော်လှန်ရေးအင်အားစုတစ်ခုက အွန်လိုင်းမှ ဆန္ဒဖော်ထုတ်နိုင်သည့် ဝက်ဘ်ဆိုက်တစ်ခု ကို စတင်ဖန်တီးလိုက်ကြောင်း တက်ကြွလှုပ်ရှားသူများထံမှ သိရသည်။
ယခုလှုပ်ရှားမှုသည် စစ်ကော်မရှင်က ၎င်း၏ ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၂၈ ရက် နေ့တွင် ကျင်းပရန် စီစဉ်နေချိန်၊ ဆန့်ကျင်ကန့်ကွက်သူများကို ထောင်ဒဏ်များဖြင့် ခြိမ်းခြောက် ဖိနှိပ်နေချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။
ဝက်ဘ်ဆိုက်ကို ဦးဆောင်ပြုလုပ်သူတစ်ဦးဖြစ်သည့် ရဲဘော်ကျော်ကြီးက “ဒီဝက်ဘ်ဆိုက်ကို ကျတော်တို့ လုံခြုံရေးကို အဓိကထားပြီး လုပ်ဆောင်ပါတယ်။ အသုံးပြုသူတွေရဲ့ အချက်အလက်အပါအဝင် ဘာအမှတ်အသားကိုမှ မသိမ်းဆည်းထားပါဘူး။ ပြည်တွင်း/ပြည်ပက ရွေးကောက်ပွဲကို လက်မခံသူအားလုံး လုံခြုံစွာ ပူးပေါင်းပါဝင်နိုင်အောင် စီစဉ်ထားပါတယ်” ဟု ပြောသည်။
အဆိုပါ ဝက်ဘ်ဆိုက်တွင် ဝင်ရောက်သူများသည် မည်သည့် အချက်အလက်ကိုမှ မှတ်သားသိမ်းဆည်းထားခြင်းမရှိ သောကြောင့် ပြည်တွင်းပြည်ပမှ မည်သူမဆို လွတ်လပ်စွာ ဝင်ရောက် ကလစ်နှိပ်ခြင်းဖြင့် အကြမ်းဖက်စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို လက်မခံကြောင်း ပါဝင်ပူးပေါင်းနိုင်မည် ဖြစ်သည်။
အသုံးပြုသူတစ်ဦးလျှင် ဖုန်း သို့မဟုတ် ကွန်ပျူတာတစ်လုံးဖြင့် တစ်ကြိမ်တည်းသာ မဲပေးခွင့် ပြုထားသည်။ သို့သော် စိန်ခေါ်မှုများလည်း ရှိနေကြောင်း ၎င်းက ဝန်ခံသည်။
“ပြည်တွင်းဒေသတွေမှာ အင်တာနက်နဲ့ သတင်းအချက်အလက်အခက်အခဲတွေ၊ စစ်တပ်ရဲ့ ဖိနှိပ်မှုကြောင့် အကြောက်တရားတွေ ရှိနေတာမို့ ရရှိလာမယ့် ကိန်းဂဏန်းတွေဟာ တစ်နိုင်ငံလုံးစာကို ကိုယ်စားပြုနိုင်ဖို့ စိန်ခေါ်ချက်တွေ ရှိနေသေးတယ်” ဟု ၎င်းက သုံးသပ်သည်။
စီစဉ်သူများအနေဖြင့် လာမည့် ဒီဇင်ဘာ ၂၈ ရက် ရွေးကောက်ပွဲ မတိုင်မီအထိ ကန့်ကွက်မဲအရေအတွက် သိန်းချီ ရရှိရန် မျှော်မှန်းထားပြီး၊ ရရှိလာသည့် ဆန္ဒဖော်ထုတ်သူ အရေအတွက်ကို နိုင်ငံတကာ အသိုင်းအဝိုင်း သိရှိစေရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရဲဘော်ကျော်ကြီးက ပြောသည်။
“စစ်ကော်မရှင်က ရွေးကောက်ပွဲကို လက်မခံတဲ့လူတွေကိုဖမ်းတယ်။ ဟဟပေးတာတောင်ဖမ်းတယ်ဆိုတော့ ဒါကိုလက်မခံကြောင်းဝင်ပါဖို့ သူတို့ဆန္ဒတွေကို ထုတ်ဖော်ဖို့နေရာမရှိဘူးဖြစ်နေတယ်။ ဒီဆိုက်က လုံလုံခြုံခြုံ လွတ်လွတ်လပ်လပ်ထုတ်ဖော်လို့ရတဲ့နေရာတစ်ခုဖြစ်လာတယ်။ ဒါက ပြည်သူတွေအတုအယောင်ရွေးကောက်ပွဲကိုမထောက်ခံကြောင်းပြလို့ရတဲ့ နေရာတစ်ခုဖြစ်လာမယ်လိုထင်ပါတယ် “ဟု တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။
အဆိုပါဝက်ဘ်ဆိုက်တွင် ပြည်သူများ၏ ထင်မြင်ချက်များကိုလည်း လွတ်လပ်စွာ ဝင်ရောက်ရေးသားနိုင်ပြီး အတုအယောင်ရွေးကောက်ပွဲကာလအတွင်း ဖိနှိပ်မှုများနှင့် ပဋိပက္ခများကိုပါ မှတ်တမ်းတင် ရေးသားနိုင်မည်ဖြစ်သည်။
ပါဝင်လိုသူများအနေဖြင့် https://mm-sham-elections.vercel.app/ လင့်ခ်မှတစ်ဆင့် ဝင်ရောက်ကာ ဆန္ဒဖော်ထုတ် ပူးပေါင်းနိုင်ကြောင်း သိရသည်။
စစ်ကော်မရှင်က အတုအယောင်ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲကာ ကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲဆန့်ကျင်သူများကိုလည်း မတရားဥပဒေများဖြင့် ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လျက်ရှိနေသည်။
